ဘေးမသန်းအေးချမ်းသော အလင်းဆိုင်

 

အခုလို ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် မိုးလင်းမိုးချုပ် ကိုယ့်အိမ်မှာကိုယ် အတတ်နိုင်ဆုံး အိမ်တွင်းအောင်းနေကြ ရချိန်တွင် လူ့သဘာဝအတိုင်း လွတ်လွတ်လပ်လပ်နေရစဉ် ကာလက အမှတ်တရလေးတွေကို သတိရမိပါသည်။ အထူးသဖြင့် အလင်းဆိုင်ဟုခေါ်သည့် ညအလင်းပေါက် ဖွင့်လှစ်သည့် လက်ဖက်ရည်ဆိုင်တွင် သန်းခေါင်သန်းလွဲ ကာလ လွတ်လပ်အေးချမ်းစွာ စားသောက်ခဲ့ရသည့် အတွေ့အကြုံများကို ထူးထူးခြားခြား သတိရနေမိပါ၏။ အခုအတိတ်ရုပ်ပုံလွှာကို တဖျပ်ဖျပ်သတိရချိန်တွင် ထို အဖြစ်အပျက်များ၏ နောက်ခံကားချပ်ပုံရိပ်တွေက မျက်စိအောက်တွင်ပင် အပြောင်းလဲကြီးပြောင်းလဲနေ တာ သတိထားမိတော့သည်။ ကုန်လွန်ခဲ့သည့် နှစ်အစိတ် ဝန်းကျင်ကာလ ၁၉၉၅ ဝန်းကျင်က…။
လက်ဖက်ရည် ဖန်ဆိမ့်တစ်ခွက်
"ပက်စီတစ်လုံး''
အသံကြားလို့ ဖျတ်ခနဲ မော့ကြည့်လိုက်တော့ မျက်နှာ ချင်းဆိုင်မှာ သူ ဝင်ထိုင်သည်။ လောလောလတ်လတ် လိမ်းထားသော သနပ်ခါးက ခပ်ကြမ်းကြမ်းစုတ်ချက်များ နှင့်တူ၏။ သူသည် တီရှပ်ဟောင်းတစ်ထည်ပေါ်မှ ယောက်ျားဝတ် ရှပ်အင်္ကျီတစ်ထည်ကို လျှိုဝတ်ထားသည်။ လွယ်အိတ်တစ်လုံးကို စလွယ်သိုင်း လွယ်ထား၏။ ကျွန်တော်က ထမင်းကြော်တစ်ဇွန်းကို ကော်စားလိုက် သည်။ အခွံများဖြင့် ပွစာကြဲနေသော စားပွဲပေါ်မှ ကြက်သွန်ဖြူဥ တစ်စိတ်တလေရှိလေမလားဟု လက်ဖြင့် လျှောက်စမ်းမိ၏။ ဟင်းချိုမှုန့်ကို စေတနာဗလပွဖြင့် ထည့်ကြော်ထားသဖြင့် ချိုရဲရဲ အရသာက ပါးစပ်ထဲမှာ စွဲနေသည်။
ကျွန်တော်သည် သတိတရရှိစွာဖြင့် လက်ဖက်ရည် ဖန်ဆိမ့်တစ်ခွက်ကို မှာလိုက်သည်။ ပက်စီသောက်နေ သော သူသည် စုပ်တံကျူရိုးမှတစ်ဆင့် ပက်စီရည်ညိုများ ကို အငမ်းမရ။
ထမင်းကြော် ချိုရဲရဲ
တစ်ဖက်စားပွဲတွင် ဖဲဝိုင်းတစ်ဝိုင်းမှ ထလာပုံရသော လူတစ်စုသည် အချဉ် တစ်ကောင် သို့မဟုတ် နှစ်ကောင် သို့မဟုတ် တစ်ဝိုင်းလုံး မိလာပုံရသည်။ တဝါးဝါး ပွဲကျပြီး စားစရာသောက်စရာများ အလုအယက် အပြိုင်အဆိုင် မှာနေကြ၏။ ဆိုက်ကားတစ်စီး ဆိုက်လာသည်။ လူ တစ်ယောက် ဆင်းလာသည်။ လက်ဖက်ရည်တစ်ခွက်မှာ ၏။ ကျွန်တော့်ရှေ့မှ သူ့ကို လှမ်းကြည့်သည်။ ''ကိုစိုးရ မလာသေးဘူးလား'' ဟု သူ့ကို လှမ်းမေးသည်။ သူ ခေါင်းရမ်းသည်။ ခဏနေတော့ ဈေးကားတစ်စီး ၂၈ လမ်း ထဲ ချိုးဝင်လာ၏။ ခွေးတစ်ကောင် တကိန်ကိန် ညည်းတွား နေသည်။ ကွမ်းယာသည်က ခေါင်းတငြိမ့်ငြိမ့် ဒူးတနန့်နန့် လှုပ်ရင်း သီချင်းတစ်ပုဒ် ညည်းတွားလျက်။ လက်ဖက်ရည် ဖျော်ခုံမှ 'တီးဆရာ'' က အခန်းကျဉ်းလေးထဲ ဝင်သွားပြီး အိုးမည်းဗလပွနှင့် အိုးကြီး မ,လာကာ ဒယ်အိုးကြီးထဲ ထမင်းတွေ လောင်းထည့်သည်။ သံယောက်မကြီးနှင့် အထက်အောက် မွှေ၏။ လှန်၏။ ထိုးဆွ၏။ သူလုပ်နေပုံက ထမင်းကြော်နေသည်နှင့် မတူ။ အနာဟောင်းတစ်ခုအား ထိုးဆွနေသည်နှင့်တူ၏။ သို့သော် ကျွန်တော်သည် ထို ထမင်းကြော် ချိုရဲရဲကိုပင် ညစဉ်စားရသည်။
အလင်းပေါက် အလုပ်လုပ်ရသော ညများတွင် သန်း ခေါင်ကျော် နာရီပြန်တစ်ချက်လောက်၌ နေ့ပိုင်း၌ပါ ပင်ပန်းသောဒဏ်များကြောင့် ငိုက်မျဉ်းစပြုလာ၏။ ညဉ့်ဦးယံက စားသောက်ဖြည့်တင်းခဲ့သော ညစာကလည်း ပျောက်ဆုံးသွားချေ၏။ ထိုအခါ လုပ်ဖော်ကိုင်ဖက် အားလုံးသည် ထိုဆိုင်ကလေးဆီကိုပဲ အာရုံရကြတော့ သည်။
ဈေးချိုတော်ရုံဟောင်းကြီးများအား
ဖျက်သိမ်းထားသည့် ကွက်လပ်ကြီး
ဆိုင်ကလေးက ၈၄ လမ်းနှင့် ၂၈ လမ်းထောင့်မှာရှိသည်။ ကျွန်တော်သည် ၈၄ လမ်းနှင့် ၂၈ လမ်းထောင့်ကို နေ့လယ်ပိုင်းများ၌ မည်သည့်အခါမျှ သတိမရသော်လည်း ညအခါ၌ ထိုနေရာပတ်ဝန်းကျင်တွင် စိတ်ဝင်စားမိသည်။ သို့မဟုတ် ပျော်မွေ့မိသည်။ ထိုအချိန်ရောက်မှ ထိုနေရာ ကို သတိထားမိ၏။ လက်ဖက်ရည်ဆိုင်ကလေး၏ မျက်နှာ ချင်းဆိုင်တွင် ဈေးချိုတော်ရုံဟောင်းကြီးများအား ဖျက် သိမ်းထားသည့် ကွက်လပ်ကြီးရှိသည်။ ကွက်လပ်ကြီး၏ ဟိုအနောက်ဘက်တွင် အဆင့်မြင့်ဈေးချိုတော်ရုံသစ်ကြီး ကို လှမ်းမြင်ရသည်။ ဈေး ဝရန်တာတစ်လျှောက် မီးများ ထွန်းညှိထား၏။ တချို့နေရာက မီးလုံးကျွမ်းသောကြောင့် သို့မဟုတ် မီးလုံးမရှိသောကြောင့် အလင်းမရှိ...။
ဈေးချိုကွက်လပ်ကြီးကတော့ လမ်းမီးရောင်တချို့ကို မမျှမတ ခံယူထားသည်။ သည်ကွက်လပ်ကြီး၏ ပဟေဠိ ကို မန္တလေးသားတိုင်း စိတ်ဝင်စားကြသည်။ သည်ကွက် လပ်ကြီးမှာ မြောက်ဘက်ကလို အဆင့်မြင့်ဈေးသစ်ကြီး ဖြစ်မှာလား။ သို့မဟုတ် ဟော်တယ်ကြီးဖြစ်မှာလား။ စင်ကာပူလား၊ တရုတ်လား၊ အမျိုးမျိုး မှန်းဆနေကြ၏။ မိုးတွင်းမှာတော့ ရေအိုင်ကွက်ကြီးတွေရှိလို့ ကလေးတွေ ရေကူးကြသည်။ ညနေစောင်းမှာ L ရုံ သမံတလင်း ဟောင်း၌ ပိုက်ကျော်ခြင်း ကစားနိုင်၏။ ကွက်လပ်ကြီး၏ အရှေ့ဘက်နှင့် တောင်ဘက်မှာ ကုန်ပစ္စည်းကြော်ငြာ ဆိုင်းဘုတ်ကြီးတွေရှိသည်။ ဆိုင်းဘုတ်ကြီးတွေ အောက် ၌ မှောင်ရိပ်များက ညစဉ်ညတိုင်း တွယ်ကပ်နေ၏။
၈၄ လမ်းမကြီးပေါ်တွင် သံဆန်ခါကြီးများ
လက်ဖက်ရည်ဆိုင်ထဲက ပက်စီသောက်သော သနပ်ခါး ဘဲကြားနှင့် သူရော အဲဒီ ဆိုင်းဘုတ်ကြီးတွေအောက် ရောက်ဖူးသလား။ ကျွန်တော်သည် မန္တလေး၏ ၈၄ လမ်း
သို့မဟုတ် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးကို မည်သို့ပင် လျှင် ၂၂စီလမ်းက စတင်သည်ဆိုစေကာမူ နာရီစင်ဈေးချို မှ စသည်ဟုပဲ စိတ်ထဲမှာ စွဲမှတ်နေသည်။ ယခင်က ဈေးချို ရှိ ၈၄လမ်းမကြီး အလယ်ခေါင်တွင် ကုက္ကိုပင်ကြီးတွေ ရှိခဲ့ဖူးသတဲ့။ သို့သော် ကျွန်တော်မမှတ်မိ။ အခုတော့ ဈေးချိုရှေ့က ၈၄ လမ်းမကြီးပေါ်တွင် သံဆန်ခါကြီးများ လည်းရှိပါသည်။ လူကူးခုံးကျော်တံတားလည်း ရှိပါ
သည်။
နာရီစင်၏ မြောက်ဘက် ၈၄ လမ်းမပေါ် (၂၅/၂၆)လမ်း ကြားမှာတော့ ယခင်က နာမည်ကျော် ဗန္ဓုလသင်္ကန်းတိုက် ကြီးရှိ၏။ ဦးဆိုင်၏ ဗန္ဓုလသင်္ကန်းသည် ၁၃ဝဝ ပြည့် နှစ်လောက်ဆီက ပေါ်ပေါက်ခဲ့ပါသည်။ သင်္ကန်းတိုက်ကြီး ပေါ်မှာ ယခင်က ဆင်းကားစက် အလုံး ၁ဝဝ ကျော်နှင့် သင်္ကန်းများ ချုပ်သည်။ ထို့ပြင် နဘဲကြူးရပ်မှာ အရှေ့ပြင် နန်းရှေ့မှာလည်း သင်္ကန်းချုပ်သော အလုပ်ရုံခွဲတွေ ရှိဖူး သည်။ ဦးဆိုင်၏ ဗန္ဓုလသင်္ကန်းသည် ဝိနည်းနှင့်လည်းညီ ဟော်လန်ပိတ်အုပ်ကိုလည်းသုံး၊ ဆေးရောင်လည်းမှန်၊ ခိုင်လည်းခိုင်သောကြောင့် သံဃာတော်တိုင်းက လက် မလွတ်စတမ်း သုံးစွဲကြလေ၏။ ထိုခေတ်က ဗန္ဓုလသင်္ကန်း နာမည်ကျော်ပုံမှာဖြင့် လေဘာတီမမြရင်၏ ''အလှူ့ ဒကာ'' သီချင်း၌ပင် ယခုကဲ့သို့ စပ်ဆိုထားပါသည်။
''မေးနေစရာ လိုမယ်မထင် မယ်ရင်မပြောဘဲ သဘော က အကုန်လုံးလင်၊ သူ့တွေ့မှာ ဆုံမယ်လေ အလှူပေးတဲ့ ရက် မနက်က မလာဘူးရှင်၊ ဗန္ဓုလသင်္ကန်းဆိုင်တွင် သူ ကိုယ်တိုင်ပဲဝင် လူမြင်မှာရှက်လို့တော် ရေစက်ချတောင် ခဏမလာ ပေါင်ရှင်''
''အုတ်ကာသွပ်မိုး'' ''၁၂၆၅''
တကယ်တော့ ၈၄ လမ်းမကြီးသည် ဈေးချိုတော်ကြီး၏ ဖွားဖက်တော်ဖြစ်၏။ ဈေးချိုဆိုသည်မှာ ယခင်က ''ဈေးကြို'' ဖြစ်ကြောင်း၊ တည်ဆောက်သော ခုနှစ်မှာ ''အုတ်ကာသွပ်မိုး'' ''၁၂၆၅'' ဖြစ်ကြောင်း၊ အီတာလျံမင်းသား ဗိသုကာ ကောင့်ကာလာတတီ ဖြစ် ကြောင်း အထူးတလည်တော့ ပြောစရာမလိုတော့ပြီ။ ထိုဈေးချိုတော် အဆောက်အအုံကြီးလည်း ယခုအခါ မရှိတော့။ ဤသို့ဖြင့် ကြာလျှင် မေ့ကြရုံပဲပေါ့။ ဟုတ်သည် ၁၆-၆-၉၁ နေ့က အုတ်မြစ်ချတည်ဆောက်သော လက်ရှိ ဈေးချိုတော် အဆင့်မြင့်ရုံသစ်ကြီးကိုပဲ ယနေ့မြင်နေကြ ရပြီ မဟုတ်လော။ ထိုဈေးချိုအဆင့်မြင့်ရုံသစ်ကြီးသည် အလျား ၃၆၈ ပေ၊ အနံ ၄၆၄ ပေ နှင့် ခြောက်လက်မတိတိ ရှိသတဲ့။ အလယ်ရုံကြီး ခြောက်ထပ်နှင့် ဘေးခုနစ်ရုံ လေးထပ်ရှိသတဲ့။ အရှေ့ဘက်က လေးထပ်တိုက်တန်း ကြီးကလည်း ၁၉၉၁ခုနှစ်မှာ ဖွင့်သတဲ့။ အလျား ၄၉၂ပေ၊ အနံ ၄၈ ပေ ၆ လက်မ ရှိသတဲ့။ ထိုကိန်းဂဏန်းများကိုပဲ ကျွန်တော်တို့ မှတ်သားမိသည်။
အရင်ကတော့ အရှေ့ဘက်က တိုက်တန်းဟောင်း ကြီးကို တိုက်တန်းကြီး ခေါ်၏။ ယခု မြို့တော်ခန်းမ ၂ တည်ဆောက်ထားသည့်နေရာတွင် ရှိခဲ့ဖူးသော တိုက် တန်းကို တိုက်တန်းလေးဟု ခေါ်ခဲ့ဖူးသည်။ တိုက်တန်းကြီး တွင် မနော်ဟရီ သွေးဆေး ရှိဖူးသည်။ ခေတ်ဆန်းပရိ ဘောဂရှိဖူးသည်။ နဂါးနီပိုးထည်တိုက်ရှိဖူးသည်။ တြိဘောဂစတိုးရှိသည်။ ဗမာ့ကုန်စုံပွဲရုံရှိသည်။ စာပေ သဘင်ရှိသည်။ ဖွာဇူလာနန်ဂျီ ပန်းကန်ဆိုင်ကြီးရှိသည်။ တိုက်တန်းကြီး သုံးခန်းတွဲကို တွဲ၍ ဖွင့်လှစ်ထား၏။ ထို့ပြင် ဦးစမူသားကိုစု စာရေးကိရိယာဆိုင်လည်းရှိသည်။
ပြည်တွင်းစစ်ကြောင့် တိုင်းပြည်လူထု နာခဲ့ရသဖြင့်
ဈေးချိုတော်ကြီး၏ မြောက်နား ၈၄ လမ်းမကြီး၏ အရှေ့ဘက် ၂၄နှင့် ၂၅ လမ်းကြားတွင် ဓားတန်းဝင်း ဆိုတာရှိသည်။ ထိုဓားတန်းဝင်းကလည်း ဈေးချိုတော်နှင့် အတူ ၈၄လမ်းနှင့်အတူ ထင်ရှားကျော်ကြားသည်။ ယခင် က ဆိုင်းတန်းဧရာဝတီစာရေးကြီး ဦးမြသိန်းအိမ်မှာ စတည်းချစတင်ခဲ့သော မြို့မတူရိယာအသင်းသည် ဓား တန်းဝင်းကြီးတွင် လူလားမြောက်ခဲ့၊ အရွယ်ရောက်ခဲ့၊ အောင်မြင်ခဲ့၊ ရှုံးနိမ့်ခဲ့၊ ပြန်လည်ရှင်သန်ခဲ့သည်။ ကျွန်တော် မသိမီခဲ့ရသော ၁၉၂၅ ခုနှစ်လောက်ဆီကဖြင့် ၂၂လမ်းနှင့် ၂၈လမ်းကြား ၈၄ လမ်းမကြီးပေါ်မှာ ဈေးချိုအနီးနားက အိန္ဒိယနွယ်ဖွားသူဌေးများ၏ ကုန်ကားကြီးတွေပေါ် ရေစည်ရေပိုင်းများတင်ပြီး သင်္ကြန်အခါတွင်းတွင် ရေပက် ခံခဲ့ကြ၏။ ထိုအချိန်မှစတင်၍ သင်္ကြန်ကို ကားနှင့် လည် ပတ်ခြင်း စသည် ဟု ပြောစမှတ်ပြုခဲ့ကြသည်။ ထိုကိစ္စကို ၈၄ လမ်းမကြီး မှတ်မိပါလိမ့်မည်။
တကယ်တော့ ၂၆ လမ်းနှင့် ၂၈ လမ်းကြား ၈၄ လမ်းမ ကြီးသည် သမိုင်းပေါင်းများစွာကို ပြောပြနိုင်ပါသည်။ သည်နေရာမှာ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်း နယ်ချဲ့သေနတ်ဖျား အသက်ပျောက်ခဲ့ရသည့် မန္တလေး အာဇာနည် ၁၇ ဦး၏ အလောင်းတင်ရထားများလည်း မျက်ရည်လည်ရွဲလူအုပ်ကား တရွေ့ရွေ့ ဖြတ်သွားဖူးသည်။ ထို့အတူ ပြည်တွင်းစစ်ကြောင့် တိုင်းပြည်လူထုနာခဲ့ရ သဖြင့် ငြိမ်းချမ်းရေးအတွက် ဆန္ဒပြသဘောထားပြုကြမည့် လူထုကြီးလည်း ဖြတ်သွားဖူးသည်။ မန္တလေးမြို့၏ အစည်ကားဆုံး အသုဘအခမ်းအနားဟု တွင်ကျန်ရ အောင် စည်ကားလှသော က,ရင်းသေသည့် ရွှေမန်း တင်မောင်၏ ဈာပနအခမ်းအနား မြင်ကွင်းကိုလည်း ဤ နေရာတွင် မြင်လိုက်ဖူးသည်။
ဈေးချိုညဈေးတန်း
ထိုနေရာ ၈၄ လမ်းသည် မန္တလေး၏ အညှာဖြစ်၏။ အသည်းနှလုံးဖြစ်၏။ အသက်သွေးကြောဖြစ်၏။
နောက်တော့ ၁၉၅၉ ခုနှစ် ရောက်သောအခါ ဈေးချို ညဈေးတန်းကို ဤနေရာတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၈-၂-၅၉ နေ့တွင် ဖွင့်လှစ်၏။ ညဈေးတန်းကို ညနေ ၅ နာရီခွဲမှ ည ၁၂ နာရီအထိ ဖွင့်လှစ်ခွင့်ပြုခဲ့လေသည်။
၆ ပေ ၈ ပေ ဆိုင်ခန်းများ ချထားပေး၏။
a စာမျက်နှာ ၁၉ မှ
စတင်ဖွင့်လှစ်သည့်အချိန်က အစားအသောက်ဆိုင်များ အဖြစ် အိန္ဒိယနွယ်ဖွားဆိုင် ၃၁ ဆိုင်၊ တရုတ်ဆိုင် ၂၉ဆိုင်၊ မြန်မာဆိုင် ၈၅ ဆိုင်၊ ဂေါ်ရင်ဂျီဆိုင် နှစ်ဆိုင်နှင့် အဝတ်အထည် ဆိုင်ပါ စုစုပေါင်း ၅၃၄ ဆိုင် ရှိလေသည်။ ၂၆ ဘီလမ်းပေါ်ရှိ ဟုတ်စွန်စတိုးနှင့် တိုက်တန်းကြီးကို သွယ်တန်းထားသည့် ဖဲကြိုးကို မြူနီစီပါယ်ဥက္ကဋ္ဌ မင်းဘူးဦးမောင်မောင်က ဖြတ်ကာ ဖွင့်လှစ်ခဲ့လေသည်။ ဤသို့ဖြင့် ညဈေးတန်းသည် ကျွန်တော်တို့ဘဝ၏ ညပေါင်းများစွာကို ဖဲ့ယူစားသောက် သွားသည်။
ဈေးချိုနှင့် မနီးမဝေးတွင် နေထိုင်သောသူများအဖို့ ည ရောက်လျှင် ညဈေးတန်းမှာ လမ်းမလျှောက်ရလျှင် အိပ် မပျော်။
ကျွန်တော်ထိုင်နေသော ၂၈ လမ်း အလင်းဆိုင်လေးနှင့် မျက်နှာချင်းဆိုင်မှာတွန်းလှည်းနှင့်ရောင်းသော ဆီချက် ခေါက်ဆွဲဆိုင်လေးရှိသည်။ ထိုဆိုင်လေးက ဂျုံခေါက် ဆွဲဖတ်သည် နူးညံ့လှ၏။ ယခုအချိန်ထိ ထိုအရသာမျိုး မစားဖူးတော့။ ၈၄လမ်း၊ ၂၈လမ်းထိပ်က လက်တွန်းလှည်း အအေးဆိုင်လေးတွေမှာ သံပရာရည်တစ်ခွက် သုံးမတ်။
ကျွန်တော်သည် ချစ်ဖူးသူတစ်ယောက်အား ခိုးကြောင် ခိုးဝှက်တွေ့ရသည့် ညဦးပိုင်းတစ်ချိန်တွင် ထိုသုံးမတ်တန် သံပရာရည်တစ်ခွက် တိုက်ခဲ့ဖူးသည်။ ယခုတော့ ဤနေရာ တွင် ညဦးပိုင်း၌ ဝက်သားတုတ်ထိုးဆိုင်များပဲ ရှိတော့၏။ ဆိတ်သားကင်ဆိုင်များပဲ ရှိတော့၏။ ထိုနေရာတွင် ယခု ရွှေဆိုင်ကြီးတစ်ဆိုင် ဟီးဟီးထနေသည်။ အဆင့်မြင့် ဈေးချိုရုံသစ်ကြီးပေါ်က ရွှေဆိုင်တန်းဆိုသည်ကတော့ နာမည်ကိုပင် ပျောက်လုမတတ်ဖြစ်သွားပါပြီ။ ဘာပဲပြော ပြော ၈၄လမ်းမကြီးပေါ်က ရွှေဆိုင်ကြီးတွေမှာ လူစည်ပါ သည်။
အသံပျောက်ခလုတ်ကို နှိပ်ထားသည့် မော်နီတာဖန်ပြင်
ကျွန်တော့်ရှေ့က ခပ်ညစ်ညစ် စားပွဲပေါ်က ထမင်း ကြော် ပန်းကန်ထဲတွင် ကြက်သွန်ဖြူ အခွံတွေ များသည် ထက် များလာသည်။ ပါးစပ်ထဲက လွယ်လွယ်ကူကူ ခွာ ထုတ်ပစ်သော ကြက်သွန်ဖြူအခွံတွေက ထမင်းပန်းကန် ထဲ ပြန်ရောက်သည်။ ကိစ္စမရှိ။ ပါးစပ်ထဲသွတ်မည့်ဇွန်းမှာ မပါဖို့ဘဲ လိုပါသည်။ ထမင်းကြော်မကုန်မီ လက်ဖက်ရည် လေးတစ်ကျိုက် သောက်လိုက်ချင်သေးသည်။ အရှေ့တော ဈေးကားတစ်စီး ၈၄လမ်းမအတိုင်း အပြင်းမောင်းလာကာ ၂၈လမ်းဘက် ချိုးကွေ့ဝင်လာသည်။ သံဖြူတန်းမှာ ရပ် သည်။ ဈေးသည်တွေက တောင်းကိုယ်စီနှင့် အလုအယက် ဆင်းနေကြတာ လှမ်းမြင်ရ၏။ အသံများ မည်မျှပင် ဆူညံ နေစေကာမူ ကျွန်တော့်အာရုံတွင် အသံပျောက်ခလုတ်ကို နှိပ်ထားသည့် မော်နီတာဖန်ပြင်ကို ကြည့်နေရတာနှင့် တူပါသည်။
တစ်ဖက်စားပွဲ ဖဲသမားအုပ်စု ရေသန့်ပုလင်းမှာ၏။ မျက်နှာချင်းဆိုင်က ပက်စီသောက်သော သူက ပက်စီ ကုန်သော်လည်း ပုလင်းထိပ်လေးကို ပွတ်ကာ ဆော့ကစား နေ၏။ ဆိုက်ကားနှင့်လာသူက ကွမ်းတစ်ရာ လှမ်းမှာ သည်။ လက်ဖက်ရည်ကုန်သော်လည်း ထသေးမှာမဟုတ်။ ကိုစိုးရဆိုသူကို စောင့်တာလည်းဖြစ်မည်။
၈၄လမ်းမအတိုင်း မြောက်မှတောင်သို့ စက်ဘီးလေး ငါးခြောက်စီးအုပ်လိုက် ခပ်သွက်သွက်နင်းလာသည်။ ညောင်ကွဲက သို့မဟုတ် နှင်းဆီခြံက ပန်းသည်များဖြစ် သည်။ ဒါဆို နှစ်နာရီခွဲပြီ။ ကျွန်တော်သည် လက်ဖက်ရည် ကို တစ်ခါတည်းမော့ကာ ထမင်းကြော်တစ်ဇွန်းအား ဒရောသောပါး ဝါးပြီးနောက် ပိုက်ဆံရှင်း၏။ အလုပ်ချိန် ဒုတိယပိုင်း စရတော့သည်။ ဒီနေ့ည စာဖောင်တွေ ပြတ် မှဖြစ်မည်။ သည်စာအုပ်က ထွက်ရက်နောက်ကျနေတော့ နေ့ရောညရော ရိုက်မှ သတ်မှတ်ရက်နှင့် သိပ်မကွာဘဲ ထွက်နိုင်မည်။ ကျွန်တော် ၈၄ လမ်းမကြီးအတိုင်း ဟို ... တောင်ဘက် ၃၃လမ်းဆီအထိ စက်ဘီးနင်းရဦးမှာပေါ့။
အရာရာသည် ပြောင်းလဲသွားပေမယ့်
ကုန်လွန်ခဲ့သော နှစ်အစိတ်ဝန်းကျင်က ထိုနေရာ၏ အလင်းဆိုင်လေးမှာ ထိုင်ရင်း မြင်ခဲ့ဖူးသည့်မြင်ကွင်းတွေကို အခု ပြန်စဉ်းစားတော့ ဝိုးတဝါး..။ ကိုဗစ်-၁၉ လွန်ကာလ အားလုံးအေးဆေးတည်ငြိမ်သွားလျှင် ထိုနေရာလေးသို့ တကူးတကန့်သွားပြီး အလင်းဆိုင်လေးမှာ လက်ဖက်ရည် ဖန်ဆိမ့်တစ်ခွက်နှင့် ချိုရဲရဲ ထမင်းကြော်တစ်ပွဲကို ကြက် သွန်ဖြူအမြှောင်းတွေကိုက်ရင်း စားချင်ပါသေးသည်။ အလိုလေး အခုမှ ပြန်စဉ်းစားမိ။ ထိုနေရာက ကွက်လပ် ကြီးလည်း မရှိတော့။ အဆင့်မြင့် မန်းမြန်မာပလာဇာကြီး ဖြစ်သွားပြီ။ ထို့အတူ ညဈေးတန်လည်းမရှိတော့။ လင်းအားကြီးမှ အရှေ့တောဈေးကားတွေရောက်လာကာ ရောင်းချသည့် လင်းအားကြီးဈေးလည်း မရှိတော့။ ထို့ အတူ ထိုအလင်းဆိုင်လေးရော ရှိမှာမဟုတ်တော့။ ကျွန်တော်ကိုယ်တိုင်ကရော လွန်ခဲ့သည့် နှစ်အစိတ်ကလို ညလုံးပေါက် မပင်မပန်းလုပ်ကိုင်နိုင်သည့် အရွယ်လည်း မဟုတ်သလို သန်းခေါင်သန်းလွဲအထိ လွတ်လပ်စွာ စိတ်လွတ်လက်လွတ် သွားလာနိုင်သည့် အခွင့်အရေးလည်း မရှိတော့။ အရာရာသည် ပြောင်းလဲသွားပေမယ့် လွတ် လပ်အေးချမ်းစွာဖြင့် လုံခြုံဘေးကင်းသော လူမှုဝန်းကျင် အပြောင်းအလဲကိုဖြင့် မျှော်လင့်နေမိပါသည်။ ထိုအခါ ဘေးမသန်းဘဲ အေးချမ်းမည့် အလင်းဆိုင်လေးတွေဆီ သွားကြတာပေါ့။ ။

ဆူးဌက်

ကြေးမုံ