ဘဂ္ဂဒက်မြို့တော်၏ အစိမ်းရောင်ဇုန်တွင်  ဒုံးကျည်နှစ်စင်း ထိမှန်

၉ ဇန်နဝါရီ

 

အမေရိကန်သံရုံးတည်ရှိရာ ဘဂ္ဂဒက်မြို့ အစိမ်းရောင်ဇုန်သို့ ဒုံးကျည်နှစ်စင်း ပစ်လွှတ်ကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုသည် အီရန်နိုင်ငံ၏ ထိပ်တန်း စစ်တပ် တပ်မှူးကို အမေရိကန်တို့ သတ်ဖြတ်ခဲ့သည့် အတွက် လက်တုံ့ပြန်ခြင်း ဖြစ်ဖွယ်ရှိသည်။

 

ဘဂ္ဂဒက်မြို့တော်၏ အင်အားအများအပြားဖြည့်တင်းထားရာဇုန်ကို ယမန်နေ့ညနေပိုင်းက ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့သည်ဟု အီရတ်တပ်ဖွဲ့များက ဆိုသည်။ထိုဇုန်တွင် အမေရိကန်သံရုံးအပြင် အခြား နိုင်ငံခြားအဖွဲ့များနှင့် အစိုးရ အဆောက်အဦများ ရှိသည်။

 

၎င်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများ မရှိကြောင်း ဖော်ပြထားသည်။

 

အီရန်ကျောထောက်နောက်ခံသော အီရတ်သောင်းကျန်းသူများသည် ပြီးခဲ့သည့် သီတင်းပတ်က ကာဆမ်းဆိုလန်းမန်းနီ အသတ်ခံရသည့်အတွက် လက်တုံ့ပြန်ရန် ကြိုးပမ်းနေကြသည်။

 

ယမန်နေ့က အမေရိကန်တို့ကို တိုက်ခိုက်ခဲ့သည့် ရန်လိုသော အင်အားစုများကို တစ်ချို့သောသူများက ဝေဖန်အပြစ်တင်ကြသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို