ဘီလ်ကလင်တန် သို့မဟုတ် လူငယ်လေးတစ်ယောက်အကြောင်း

၁၇  စက်တင်ဘာ

 

“Reach high, for your stars lie hidden in your soul. Dream deep, for every dream Precedes the goal. (Pamela Vaull Starr)

 

အမြင့်ဆုံးကိုပျံပါ၊ မင်းရဲ့နှလုံးဝိညာဉ်အိမ်မှာ ကြယ်ကလေးတွေရှိတယ်။ မင်းအိပ်မက်တွေကို နက်နက်နဲနဲတွေးပါ။ မင်းရဲ့အိပ်မက်တိုင်းက မင်းရဲ့ဆန္ဒတွေကို ဖော်ဆောင်ပေးလိမ့်မယ်။ (ပါမီလာဗောလ်စတား)

 

၁၉၉၁ ခုနှစ်က အမေရိကန်ပြည်သူတွေဟာ အရင်နှစ်တွေကထက် ပိုပြီးစိတ်လုံခြုံမှုခံစားကြရပါတယ်။ ဒုတိယ ကမ္ဘာစစ်ကြီးပြီးတဲ့ အချိန်ကစပြီး ခြောက်လှန့်နေခဲ့တဲ့ အဏုမြူစစ်ပွဲနဲ့ ပတ်သက်တဲ့ သောကဖြစ်စရာတွေချုပ်ငြိမ်းသွားပြီ။ Persian Gulf War လို့ ခေါ်တဲ့ပင်လယ်ကွေ့စစ်ပွဲကြီးမှာ အမေရိကန်နဲ့ မဟာမိတ်တပ်ဖွဲ့များ အနိုင်ရခဲ့ပြီ။ စစ်ပွဲအပြီး လေးရက်အကြာမှာ ကူဝိတ်နိုင်ငံကို မတရားဝင်ရောက်သိမ်းပိုက်ခဲ့တဲ့ အီရတ်တပ်ဖွဲ့တွေ လုံးဝမရှိကြတော့ဘူး။ ထွက်သွားကြရပြီ။ ဒီအချိန်မှာ အမေရိကန်နိုင်ငံရဲ့ ရီပတ်ဘလီကင် သမ္မတကြီးဖြစ်တဲ့ ဂျော့ချ်ဘွတ်ရှ်ကို လူကြိုက်အတော်များ လာခဲ့ပါတယ်။ ဒီအတိုင်းဆို ၁၉၉၂ ခုနှစ် သမ္မတ ရွေးကောက်ပွဲမှာလည်း ထပ်မံအရွေးခံရနိုင်ဖွယ်ရှိတယ်လို့ နိုင်ငံရေးလေ့လာသူအများစုက ခန့်မှန်းကြပါတယ်။ သို့သော် နိုင်ငံရဲ့ စီးပွားရေးကကျလာတယ်။ လူအများစုအလုပ်လက်မဲ့ဖြစ်လာပါတယ်။ ၁၉၈၄ ခုနှစ်နောက်ပိုင်း အလုပ်လက်မဲ့နှုန်းအများဆုံးဖြစ်ပါတယ်။ Recession levels  စီးပွားရေးကပ်ဆိုက်တယ်ပဲ ပြောရမလား။ စီးပွားရေးတုံ့နှေးသွားလွန်းလာတယ်။ ဗဟိုဖက်ဒရယ်အစိုးရမှာ လိုငွေများပြလာခဲ့ပါတယ်။ ဒါကြောင့် ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီက သူတို့ပါတီက သမ္မတ တစ်ယောက်အရွေးခံနိုင်ဖို့ အခွင့်ကောင်းပဲလို့ယူဆကြတယ်။ ၁၉၉၂ ခုနှစ်မှာ ဒီမိုကရက်တစ်ပါတီက အာကင်ဆောပြည်နယ်အုပ်ချုပ်ရေးမှူး ဝီလီယံဂျက်ဖာဆန် ကလင်တန်ကို သမ္မတလောင်းအဖြစ် ရွေးချယ်လိုက်ကြပါတယ်။

 

အသိအမှတ်ပြုခံရသူ

 

တကယ်လည်း ၁၉၉၂ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ကလင်တန် အနိုင်ရခဲ့ပါတယ်။ မစ္စတာကလင်တန်ကို ၁၉၄၆ ခုနှစ် ဩဂုတ် ၁၉ ရက်က အာကင်ဆော ပြည်နယ် Hope  မြို့မှာ မွေးဖွားခဲ့ပါတယ်။ ဖခင်က William Jefferson Blythe၊ မိခင်က Virginia Blythe တို့ ဖြစ်ကြပါတယ်။ ဖခင်ဖြစ်သူက နယ်လှည့် ဈေးရောင်းသူဖြစ်ပြီး ကလင်တန်လေးကို မမွေးမီသုံးလအလိုမှာ ယာဉ်တိုက်မှုတစ်ခုကြောင့် ကွယ်လွန်ခဲ့ပါတယ်။ သူ နှစ်နှစ်သားမှာ အဘိုးအဘွားများနဲ့ နေရပြီး မိခင် Virginia က သူနာပြုသင်တန်း တက်ခဲ့ပါတယ်။ ကလင်တန်လေးနှစ်သားအရွယ်မှာ Virginia က Roger Clilton ဆိုသူနဲ့ လက်ထပ်ခဲ့ပါတယ်။ သူ့ရဲ့ဖခင်ဟာ အရက်တော်တော်သောက်သူ၊ သွေးဆိုးတတ်သူဖြစ်လို့ ကလင်တန်လေး အိမ်မှာနေရတာမပျော်ပိုက်ပါဘူး။ ဒါပေမယ့် ကျောင်းမှာ စာကြိုးစားတယ်။ စာတော်သူထူးချွန်သူအဖြစ် အသိအမှတ်ပြုခံရသူဖြစ်တယ်။

 

ငယ်စဉ်ကတည်းက နိုင်ငံရေးကို စိတ်ဝင်စားတယ်။ သူ ၁၇ နှစ်သားအရွယ် ၁၉၆၃ ခုနှစ် ဇွန် ၆ ရက်က သမ္မတ အိမ်တော်ကို အလည်ရောက်ခဲ့ဖူးတယ်။ နိုင်ငံသားကောင်း လေ့ကျင့်သင်ကြားရေး အစီအစဉ်တစ်ခုရဲ့ ကိုယ်စားလှယ်အဖြစ် ရောက်ခဲ့ပြီး သမ္မတကြီး ကနေဒီနဲ့လက်ဆွဲနှုတ်ဆက်ခဲ့ရတယ်။ တစ်ခါ ၁၉၇၈ ခုနှစ် အသက် ၃၂ နှစ်အရွယ်ရောက်တော့လည်း သမ္မတကြီးဂျင်မီကာတာနဲ့ တွေ့ဆုံခွင့်ရပြီး လက်ဆွဲနှုတ်ဆက်ခဲ့ရဖူးပါတယ်။ ဒီလိုနိုင်ငံရဲ့ အကြီးအကဲပုဂ္ဂိုလ်ကြီးနှစ်ဦးနဲ့ တွေ့ဆုံလက်ဆွဲနှုတ်ဆက်ခွင့်ရပြီးချိန်တွေကစပြီး သူ့ရဲ့အတွေးတွေ၊ အိပ်မက်တွေထဲမှာ ဒီလိုခေါင်းဆောင်ကြီးတွေရဲ့ ပုံရိပ်တွေလွှမ်းမိုးနေခဲ့တယ်လို့ ဆိုပါတယ်။ တစ်နေ့ ဒီလိုခေါင်းဆောင်ကြီးတွေလို ဖြစ်အောင်ကြိုးစားချင်တယ်၊ ဖြစ်ရင်ကောင်းမယ်၊ ကြိုးစားမယ်ဆိုတဲ့ သန္နိဋ္ဌာန်လည်း ချထားခဲ့တယ်။

 

ဆန်ခါတင်ရွေးချယ်

 

အမေရိကန်လိုနိုင်ငံကြီးတစ်နိုင်ငံရဲ့ ထိပ်ဆုံးနေရာ ဖြစ်တဲ့ သမ္မတကြီးဖြစ်ဖို့ဆိုတာ မလွယ်တကာ့မလွယ်ဆုံး။ အင်မတန်ခက်ခဲပြီး ဘယ်သူမျှ စိတ်ကူးကြမယ်မဟုတ်ပါဘူး ။ ခေါင်းဆောင်နေရာရောက်တိုင်း ရာဇပလ္လင်ပေါ်ထိုင်ခွင့်ရကြတာလည်း မဟုတ်ပါဘူး။ ခေါင်းဆောင်အရည်အချင်း မမီပေမယ့်လည်း ကံအကြောင်း တရားကောင်းရင် ရာဇပလ္လင်ပေါ် ထိုင်ခွင့်ရတတ်ကြပါတယ်။ အမေရိကန်နိုင်ငံ သမ္မတနေရာဆိုတာ အတော်ဆုံးထဲက အတော်ဆုံး၊ အကောင်းဆုံးတွေထဲက အကောင်းဆုံးပုဂ္ဂိုလ်တွေဟာ အမျိုးမျိုးသော အခက်အခဲ အတားအဆီးတွေကို ကျော်ဖြတ်ရတယ်။ မိမိရဲ့ အရည်အချင်းကို အမှန်အတိုင်းပြရတယ်။ အကောင်းဆုံး ကြိုးစားပြရတယ်။ ကိုယ့်ရဲ့သမိုင်းကောင်း၊ မကောင်းကို ပြည်သူတွေက အဆုံးအဖြတ် ပေးကြရတာလည်း ဖြစ်တယ်။ ဘယ်လောက်ပဲ မိမိကိုယ်ကို ညွှန်းနေပါစေ မဲဆန္ဒရှင်တွေသာ ဆုံးဖြတ်ကြတာ၊ ရွေးချယ်ကြတာ၊ ရင့်ကျက်ပြီးတဲ့ ဒီမိုကရေစီနိုင်ငံမို့ ပြည်သူတွေရဲ့ အထပ်ထပ်အခါအခါသော စစ်ဆေးမှုများကို ခံရတာဖြစ်ပါတယ်။ ပြည်သူအများနှစ်သက်မှ နောက်ဆုံး ဆန်ခါတင် အရွေးခံရခြင်းဖြစ်ပါတယ်။

 

အနာဂတ်မျိုးဆက် ပေါ်ထွန်းလာရေး

 

သို့သော် ကလင်တန်ဆိုတဲ့ ကောင်လေးတစ်ယောက်ကတော့ သမ္မတကြီးနှစ်ယောက်နဲ့ တွေ့ဆုံစကားပြောခွင့်ရခဲ့ရုံမက လက်ချင်းပါ ထိတွေ့နှုတ်ဆက်ခြင်းခံခဲ့ရတာမို့ ဒီခံစားရမှုများဟာ သူ့ရင်ထဲ အနက်ရှိုင်းဆုံးနေရာများအထိ ဖြန့်ကြက်နေရာယူခဲ့တယ်။ သမ္မတကြီးတွေနဲ့ ထိတွေ့ခဲ့ရတဲ့သူ့ရဲ့ လက်ဖဝါးလေးတွေကို သူအမြဲကြည့်နေတတ်ပြီး သိပ်ကျေနပ်နေခဲ့တယ်။ သူ့ရဲ့ဘဝကို အမြင့်ဆုံးနေရာတစ်ခုအထိ မျှော်မှန်းထားခဲ့တယ်။ သူ့ရဲ့အတွေးက အဲဒီလိုမဖြစ်နိုင်လောက်ဖူးလို့ထင်ရတဲ့ မျှော်မှန်းထားမှုဖြစ်ပေမယ့်သူ့မှာ အဲဒီလိုနေရာမျိုးရောက်အောင် အကောင်းဆုံး ကြိုးစားမယ်လို့ ဆုံးဖြတ်ထားတယ်။ သူလိုကိုယ်လို အရည်အချင်း အနေအထားမျိုးလောက်နဲ့တော့ အံမဝင်နိုင်တာမို့ အများထက်ထူးချွန်အောင် ကြိုးစားရမယ်ဆိုတာ သူသိထားခဲ့ပါတယ်။ သမ္မတကြီးတွေနဲ့တွေ့ဆုံခဲ့ရမှုဟာ ကလင်တန်ကို ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင် တွန်းအားတွေ ပေးလိုက်တာ ဖြစ်သလို သမ္မတကြီးများ ကိုယ်တိုင်ကလည်း ကလင်တန်ကို လူငယ်လေးတစ်ယောက်ပေမယ့် လေးစားတယ်ဆိုတဲ့ သဘော ပြလိုက်ကြတာ ဖြစ်ပါတယ်။ လူငယ်များက လူကြီးများကို လေးစားသလို လူကြီးများကလည်း လူငယ်များကို လေးစားခြင်းဆိုတဲ့ အပြန်အလှန် ချစ်ခင်လေးစားမှု ပြသနိုင်ခြင်းဟာ အနာဂတ်မျိုးဆက်လေးများ ပေါ်ထွန်းလာရေးအတွက် များစွာအထောက်အကူဖြစ်စေပါတယ်။

 

အလွယ်တကူအနိုင်ရခဲ့

 

ကလင်တန်ဟာ ဝါရှင်တန်ဒီစီမှာရှိတဲ့ Georgetown University ကနေ ၁၉၆၈ ခုနှစ်မှာ ဘွဲ့ရခဲ့ပါတယ်။ ထူးချွန်မှုကြောင့် Rhodes Scholarship ပညာသင်ဆုနဲ့ အင်္ဂလန်နိုင်ငံ အောက့်စ်ဖို့တက္ကသိုလ်မှာ နှစ်နှစ်ပညာ ဆက်သင်ပြီး Yale University Law School, New Haven မှာ ဥပဒေပညာများ ဆက်လက် သင်ကြားခဲ့ပါတယ်။ အဲဒီမှာ ဥပဒေနဲ့ နိုင်ငံရေးပညာများကို စိတ်ဝင်စားတဲ့ ဥပဒေကျောင်းသူ Hillary Rodham နဲ့ တွေ့ဆုံခဲ့ပြီး ၁၉၇၅ ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။ ၁၉၈၀ ပြည့်နှစ်မှာတော့ သမီးလေး Chelsea ကို မွေးဖွားခဲ့ပါတယ်။ တက္ကသိုလ်ပညာများ အောင်မြင်ပြီးတဲ့အခါ အာကင်ဆော ပြည်နယ် ဒီမိုကရက်တစ်ပါတီကိုဝင်ပြီး နိုင်ငံရေးလောကထဲ ဝင်ရောက်ခဲ့ပါတယ်။ ပထမပိုင်းမှာ ကွန်ဂရက်နေရာ အတွက် မဲအနည်းငယ်နဲ့ကပ်ရှုံးခဲ့ပေမယ့် ပြည်နယ်ရဲ့ Attorney General ရှေ့နေချုပ် အဖြစ်ရွေးချယ်ခံရ ပါတယ်။ ၁၉၇၈ ခုနှစ်မှာ အာကင်ဆောပြည်နယ်အုပ်ချုပ်ရေးမှူး (Governor) အတွက် ဒီမိုကရက် တစ်ပါတီကိုယ်စား ပြုယှဉ်ပြိုင်ခဲ့ရာ အလွယ်တကူအနိုင်ရခဲ့ပါတယ်။

 

သက်တမ်းနှစ်ဆက် ဆက်တိုက် ထမ်းဆောင်ခွင့်ရ

 

သူဟာ အဲဒီနေရာအတွက် အသက်အငယ်ဆုံး ရွေးချယ်ခံရသူအဖြစ် မှတ်တမ်းတင်ခံခဲ့ရပါတယ်။ ၁၉၈၀ ပြည့်နှစ်ရွေးချယ်မှုမှာ ရှုံးနိမ့်ခဲ့ပေမယ့် နောက်နှစ်နှစ်အကြာမှာ ထပ်မံရွေးချယ်ခံရပြီး ၁၉၉၂ ခုနှစ်အထိ အာကင်ဆောပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးအဖြစ် ဆက်လက်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် ပြည်နယ်ရဲ့ ပညာရေး အခြေအနေ တိုးတက်အောင်လုပ်နိုင်ခဲ့တဲ့အတွက် အသိအမှတ်ပြု ကြပါတယ်။ ဘွဲ့ရပညာတတ်တွေ များလာတယ်။ Head Start Programs ခေါ် ပညာမသင်နိုင်သူတွေ စာသင်ခန်းထဲရောက်အောင်လုပ်တဲ့ အစီအစဉ်တွေ ကောင်းလာတယ်။ ဆရာတွေကို အရည်အချင်းစစ်ဆေး တာတွေလုပ်ပြီး လစာတွေလည်း တိုးပေးခဲ့တယ်။ ပညာရေးနဲ့အတူ ကျန်းမာရေးဟာ အခြေခံအကျဆုံးအချက်ဖြစ်တယ်ဆိုတာကို ကောင်းစွာနားလည်ထားသူမို့ ကျန်းမာရေး လုပ်ငန်းများကိုလည်း မြှင့်တင်ပေးခဲ့တယ်။ ကျောင်းများ၊ တက္ကသိုလ်များမှာ ကျန်းမာရေး စောင့်ရှောက်မှုပေးရာဌာနများ ဖွင့်လှစ်ပေးခဲ့တယ်။ ဆိုရရင် ကလင်တန်ဟာ ထူးချွန်ထက်မြက်သူဖြစ်ကြောင်း လက်တွေ့လုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ၁၉၉၂ ခုနှစ်အတွက် ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် ရွေးချယ်ခံရပါတယ်။ ရွေးကောက်ပွဲမှာ ဘီလ်ကလင်တန်နဲ့ ဒုသမ္မတလောင်း အယ်လ်ဂိုးတို့က မဲပေါင်း ၄၅ သန်း၊ ပြိုင်ဘက် လက်ရှိသမ္မတ ဘွတ်ရှ်နဲ့ကွေးလ်တို့က ၃၉ သန်းသာရပြီး ဘီလ်ကလင်တန်ဟာ အမေရိကန်နိုင်ငံရဲ့ ၄၂ ဦးမြောက် သမ္မတဖြစ်လာပါ တော့တယ်။ အသက် ၄၆ နှစ်အရွယ် အမေရိကန်နိုင်ငံရဲ့တတိယမြောက် အသက်အငယ်ဆုံး သမ္မတကြီးဖြစ်လာ ပါတယ်။ သူဟာ သမ္မတသက်တမ်း နှစ်ဆက် ဆက်တိုက် ထမ်းဆောင်ခွင့်ရခဲ့ပါတယ်။

 

သမ္မတ ကလင်တန်ရဲ့လက်ထက်မှာ Presidential Medal of Freedom ခေါ် အရပ်သားများကို ချီးမြှင့်တဲ အမြင့်ဆုံးဆု ရရှိခဲ့ပါတယ်။

 

လူငယ်များ အတုယူစရာ

 

“လူငယ်လေးတစ်ဦးဟာ တယ်လီဖုန်းလေးဖြစ်ဖို့ကွယ် ကြိုးစားသွားခဲ့သူကို လေးစားမိပါတယ်” ဆိုတဲ့သီချင်းလေး ကြားယောင်မိပါတယ်။ ဘီလ်ကလင်တန်ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ တစ်နေ့ကျရင်တိုင်းပြည်ရဲ့ ခေါင်းဆောင်သမ္မတကြီး ဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့ ကြိုးစားခဲ့တာ တွေ့နိုင်ပါတယ်။ သမ္မတကြီး နှစ်ဦးနဲ့တွေ့ဆုံခဲ့ရာက ဝတ်မှုန်ကူးခဲ့တယ်ပဲဆိုရမလား၊ ခေါင်းဆောင်ကောင်း ဖြစ်မြောက်ရေးဆိုတဲ့ အတွေးနဲ့ မိမိကိုယ်ကို အလေးထား စောင့်ရှောက်ခဲ့တယ်။ တိုးတက်အောင်ကြိုးစားခဲ့တယ်။ မိမိရဲ့ပစ်မှတ်ကို မပျက်မယွင်းစေ၊ မျက်ခြည်မပြတ်စေဘဲ အကောင်းဆုံး လုပ်နိုင်ခဲ့တယ်။ သူ့ရဲ့ အဲဒီပစ်မှတ်ကြောင့် သူမျှော်မှန်းထားတဲ့ သမ္မတကြီးဖြစ်လာခဲ့တယ်။ ဒါဟာ လူငယ်များ အတုယူစရာလို့ ဆိုချင်ပါတယ်။

 

မိမိဖြစ်လိုရာ၊ ရောက်လိုရာနေရာကို မမှိတ်မသုန် ကြိုးစားကြစေချင်ပါတယ်။ အမြင့်ဆုံးတွေးပါ။ အကောင်းဆုံးလုပ်ပါ။ တစ်နေ့မိမိရဲ့ ပန်းတိုင်ရောက်ရမှာ မလွဲပါ။လူငယ်လေးတွေကြိုးစားကြပါ။ အမြင့်ဆုံးပျံနိုင်ရမယ်လို့ စိတ်ထဲမှာတွေးထားလိုက်ပါ။

 

“A youth is to be regarded with respect”. Confucius

 

လူငယ်တွေကို လေးစားစွာပျိုးထောင်ပါ။

 

Young people are without doubt the hopes for a better future.

 

လူငယ်တွေဟာ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးနိုင်မယ့်သူတွေဆိုတာ သံသယဖြစ်စရာ မရှိပါဘူးလို့ဆိုထားတဲ့ ကွန်ဖျူးရှပ်စ်ရဲ့ အဆိုဖြစ်ပါတယ်။ လူငယ်တွေကို ပြုစုပျိုးထောင်ရမှာဖြစ်သလို ကာကွယ်ပေးရမှာလည်း ဖြစ်ပါတယ်။

 

“Europe represents the past, American represents the present, Asia represents the future.”

 

Prof. Kishore Mahbuabni (Dean of the Lee Kuan Yew School of Public Policy at National University of Singapore and Top Global Thinker)


“ဥရောပက အတိတ်ကို ကိုယ်စားပြုခဲ့တယ်။ အမေရိကန်တွေက ပစ္စုပ္ပန်ကို ကိုယ်စားပြုနေတယ်။ အာရှတိုက်သားတွေကတော့ အနာဂတ်ကို ကိုယ်စားပြု လိမ့်မယ်။”

 

ပါမောက္ခ ကီရှို စင်ကာပူအမျိုးသားတက္ကသိုလ်

 

အနာဂတ်မှာ တိုင်းပြည်ရဲ့ အခန်းကဏ္ဍအားလုံးမှာ လူငယ်များရဲ့ ဦးဆောင်မှုစွမ်းရည် မြင့်တက်နိုင်ရေး အတွက် လိုအပ်သော အရည်အသွေးပြည့်မီတဲ့ ပညာသင်ယူရေး အခွင့်အလမ်းများ ဖော်ထုတ်ပေးနိုင်ရန် စတဲ့ရည်ရွယ်ချက်များနဲ့ “မြန်မာနိုင်ငံလူငယ်မူဝါဒရေးရာ မူဝါဒမိတ်ဆက်ဖြန့်ချိခြင်း” အခမ်းအနားကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။ လူငယ်များ တိုးတက်ဖွံ့ဖြိုးစေရေး ဆောင်ရွက်ရတာဟာ နိုင်ငံရဲ့အနာဂတ်ကို တည်ဆောက်ခြင်းသာဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

 

၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၌ လူဦးရေ ၅၁ ဒသမ ၄ သန်းရှိပြီး ၎င်းတို့အနက် လူငယ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အတွက် အကျုံးဝင်နိုင်သော အသက်အပိုင်းအခြားအလိုက် လူဦးရေအချိုးအစားမှာ အသက် ၁၅ နှစ်မှ ၁၉ နှစ်အထိ ၉ ဒသမ၂၀ ရာခိုင်နှုန်း၊ အသက် ၂၀ မှ ၂၄ နှစ်အထိ ၈ ဒသမ ၆၁ ရာခိုင်နှုန်း၊ အသက်၂၅ နှစ်မှ၂၉ နှစ်အထိ ၈ ဒသမ ၂၅ ရာခိုင်နှုန်း၊ အသက် ၃၀ မှ ၃၄ နှစ်အထိ ၇ ဒသမ ၇၅ ရာခိုင်နှုန်းရှိကြောင်း သိရပါတယ်။ တစ်နည်းအားဖြင့် နိုင်ငံလူဦးရေရဲ့ ၃၅ ဒသမ ၅၈ ရာခိုင်နှုန်းဟာ အသက် ၁၅ နှစ်မှ ၃၅ နှစ်ကြား တစ်နိုင်ငံလုံးလူဦးရေရဲ့ သုံးပုံတစ်ပုံကျော်တယ်လို့ ဆိုနိုင်ကြောင်း၊ ပညာရေး၊ စီးပွားရေးတို့အတွက် ကောင်းတဲ့လက္ခဏာဖြစ်ကြောင်းလည်း သိရပါတယ်။

 

ကျောင်းအပ်နှံမှုနှုန်း မြင့်မားလာ

 

UNDP နဲ့ အခြားနိုင်ငံတကာ အေဂျင်စီများ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ Myanmar Living Conditions Survey 2017 ဆန်းစစ်လေ့လာချက်မှာ မြန်မာနိုင်ငံရဲ့ စာတတ်မြောက်မှုနှုန်းမှာ မျိုးဆက်များအားလုံးတွင် မြင့်မားလာခဲ့ကြောင်း၊ စာတတ်မြောက်မှုမှာ နိုင်ငံတော်အဆင့်တွင် ကျား၊ မ ခွဲခြားမှုမရှိတော့ဘဲ ကျောင်းနေအရွယ်ကလေးများရဲ့ ကျောင်းအပ်နှံမှုနှုန်းမှာလည်း တဖြည်းဖြည်း မြင့်မားလာခဲ့ကြောင်း စသည်ဖြင့်တွေ့ရှိရပါတယ်။ နိုင်ငံရဲ့အနာဂတ်အတွက် အထူးအားထားရမယ့် လူငယ်မျိုးဆက်များ potential စွမ်းအားပြည့်ဝတဲ့ လူငယ်များရှိနေတာကို တွေ့နိုင်ပါတယ်။ လူငယ်များဟာ နိုင်ငံရဲ့ အဖိုးတန်တဲ့ ကျောက်မျက်ရတနာကောင်းလေးတွေ ဖြစ်ကြပါတယ်။ သူတို့လေးတွေကို မြှင့်တင်ပေးကြရပါမယ်။ နိုင်ငံတော်ကြီးကို ပြုပြင်တည်ဆောက်ရာမှာ အထူးအားထားရမယ့် လူသားအရင်းအမြစ်များ ဖြစ်ကြပါတယ်။

 

အခုဖော်ပြခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့ ၄၂ ဦးမြောက် သမ္မတကြီး ဘီလ်ကလင်တန်အကြောင်းကို အကြောင်းပြုလို့ လူငယ်များ မှန်ကန်တဲ့ လမ်းကြောင်းအတိုင်း တိုးတက်တဲ့ နိုင်ငံသားကောင်းများ ဖြစ်လာစေ လိုပါတယ်။

 

ပြုစုပျိုးထောင်ပေး

 

အဓိပတိပစ္စည်းဆိုပြီး ပဋ္ဌာန်းဒေသနာမှာ ဆိုထားပါတယ်။ အဓိပတိပစ္စည်း (Predominance Condition) ဆိုတာ အရာအားလုံးအပေါ်မှာ ကြီးကဲလွှမ်းမိုး အစိုးရ အကျိုးပြုတာဖြစ်ပါတယ်။ ဆန္ဒာဓိပတိ(Predominant Desire) ပြင်းပြသောဆန္ဒဖြင့် အားထုတ်ခြင်း၊ ဝီရိယာဓိပတိ (Predominant Effort) သာမန်အားစိုက်ထုတ်တာမဟုတ်ဘဲ ဘယ်အခက်အခဲပဲရှိရှိ မိမိရည်မှန်းချက်ပြည့်မြောက်ဖို့ ကြိုးစားအားထုတ်ခြင်း၊ စိတ္တာဓိပတိ (Predominant Consciousness) ပြင်းပြသော စိတ်အားထက်သန်မှုဖြင့် ကြိုးစားခြင်း၊ ဝီမံသာဓိပတိ (Investigating Wisdom) ခွဲခြားချင့်ချိန်နိုင်တဲ့ ပညာဉာဏ်တို့ဖြင့် ကြိုးစားဆောင်ရွက်ခြင်းစသည်တို့နဲ့သာ ကြိုးစားကြရင် မိမိတို့ရဲ့ဆန္ဒများပြည့်ဝမှာဖြစ်ပါတယ်။ လူငယ်လေးတွေမှာ ကြီးမားတဲ့ အနာဂတ်တွေရှိပါတယ်။ အချိန်တွေလည်းများစွာ ကျန်နေ၊ ပိုင်ဆိုင်နေပါတယ်။ မိမိတို့ဘဝများကို အကောင်းဆုံး အခြေအနေရောက်အောင် ကြိုးစားကြဖို့ တိုက်တွန်းလိုပါတယ်။ မြန်မာနိုင်ငံတော်ကြီး တိုးတက်အေးချမ်းသာယာလာစေဖို့ အရည်အချင်းကောင်းတဲ့ လူငယ်လေးများကို ပြုစုပျိုးထောင်ပေးကြပါစို့ ခင်ဗျာ။ ။ 

 

ကျမ်းကိုး - American mosaic magazine, October,2016.
ဒေါက်တာမြင့်သန်း (ညောင်လေးပင်)