ဘိလပ်မြေအိတ်များ တင်ဆောင်လာသည့် ရေယာဉ်နစ်မြုပ်ပြီး လူဆယ်ဦး ပျောက်ဆုံးနေ

ပြင်စလူ   ၂၇ ဇူလိုင်   


ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့အနီး ရန်ကုန်မြို့မှ ရခိုင်ပြည်နယ်၊ သံတွဲမြို့သူဌေးချောင်း ရေအားလျှပ်စစ် စီမံကိန်းအတွက် ဘိလပ်မြေအိတ်နှစ်သောင်းခွဲ တင်ဆောင်လာသည့် ရေယာဉ်မှာ လပွတ္တာမြို့နယ်၊ ပြင်စလူမြို့အနီး နစ်မြုပ်ခဲ့ပြီး ရေယာဉ်လုပ်သား ၁၀ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။


ဖြစ်စဉ်မှာ ဇူလိုင် ၂၅ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် ဘိလပ်မြေအိတ်များ တင်ဆောင်လာသည့်"MV ထာဝရအားမာန်"ကမ်းရိုးတန်းသွား ကုန်တင်သင်္ဘောသည် ပြာမလော့မြစ်မှ ရေမိုင်ခုနှစ်မိုင်အကွာတွင် မိုးသက်လေပြင်းနှင့်ကြုံ၍ နစ်မြုပ်ခဲ့ရာ သင်္ဘောပေါ်တွင် ပါရှိသည့် ရေလုပ်သား (၁၉)ဦးအနက် (၉)ဦး ကယ်ဆယ်ရရှိခဲ့ပြီး (၁၀)ဦး ပျောက်ဆုံးနေကြောင်း သိရသည်။


နစ်မြုပ်ရေယာဉ်မှ ရေလုပ်သားကိုးဦးမှာ ရေယာဉ်ပေါ်ပါ သက်ကယ်လှေဖြင့် ပြင်စလူမြို့နယ် အိုင်မကျေးရွာ ကမ်းခြေသို့ ဇူလိုင် ၂၆ ရက်၊ နံနက် ၄ နာရီတွင် ရောက်ရှိလာခဲ့သဖြင့် ရေလုပ်သားများအား လပွတ္တာမြို့နယ်၊ သုံးမိုင်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။


ရေယာဉ်နစ်မြုပ်မူတွင် ပျောက်ဆုံးနေသည့် ရေယာဉ်မှူးပါ (၁၀)ဦးအား ကယ်ဆယ်နိုင်ရေးအတွက် စစ်ရေယာဉ်များ၊ ပြင်စလူမြို့ အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီးထွန်းရွေက ပြောကြားခဲ့သည်။


ဧရာဝတီတိုင်းဒေသကြီးတွင် မိုးရာသီ၌ ခရီးသည်တင်စက်လှေများနှင့် ကုန်တင်ရေယာဉ်များအား ညပိုင်းတွင် ထွက်ခွာခွင့်မပြုကြောင်း သိရသည်။


ဇင်ဖြိုးသူ