ဗဟိုအဆင့် သင်္ချာအိုလံပစ်ဆုပေးပွဲ အခမ်းအနား ကျင်းပ

ရန်ကုန် ၂၆ မေ 

 

ကျောင်းသား ကျောင်းသူများ၏သင်္ချာအတွေးအခေါ်များ တိုးတက်လာစေရန်၊ ထူးချွန် ထက်မြက်သော မျိုးဆက်သစ်သင်္ချာပညာရှင်များ ပေါ်ထွန်းလာစေရန်၊ မြန်မာနိုင်ငံ၏သင်္ချာအဆင့် အတန်းမြင့်မားလာစေရန်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်္ချာဘာသာရပ်ကို ပိုမိုအသုံးပြု လာစေရန်ရည်ရွယ်၍ မြန်မာနိုင်ငံသင်္ချာအသင်းက ကြီးမှူးကျင်းပသည့် ဗဟိုအဆင့်သင်္ချာအိုလံပစ် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း(ဒဂုံ)ရှိ ဒဂုံသီရိခန်းမ၌ ကျင်းပသည်။ 

 

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက International Mathematical Olympiad(IMO) ပြိုင်ပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိရာ တွင် ၂၀၁၆ ခုနှစ် ဟောင်ကောင်၌ ကျင်းပသည့် ၅၇ ကြိမ်မြောက်ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ပထမ ဦးဆုံးအကြိမ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲဝင် ၁၀၉ နိုင်ငံတွင် အဆင့် ၉၆ ရရှိခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ်တွင် Brazil နိုင်ငံ၌ ကျင်းပသည့် ၅၈ ကြိမ်မြောက် International Mathematical Olympiad(IMO) ပြိုင်ပွဲတွင် Honourable Mention ဆုလက်မှတ်နှင့် ၂၀၁၈ ခုနှစ်တွင် Romania နိုင်ငံ၌ ကျင်းပသည့် ၅၉ ကြိမ်မြောက် International Mathematical Olympiad(IMO)ပြိုင်ပွဲတွင် Honourable Mention ဆုလက်မှတ်များ ရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၀၉ နိုင်ငံတွင် အဆင့် ၈၅ သို့ တိုးတက်လာခဲ့ပါကြောင်း။

 

ယခုနှစ်တွင် England နိုင်ငံ၌ ကျင်းပမည့် ၆၀ ကြိမ်မြောက် International Mathematical Olympiad (IMO) ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ကျောင်းသား ကျောင်းသူများ သွားရောက်ယှဉ်ပြိုင် နိုင်ရေးအတွက် ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် သင်္ချာ ထူးချွန်စာမေးပွဲများကို ကျင်းပခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ဗဟိုအဆင့် သင်္ချာထူးချွန်စာမေးပွဲများကို ကျင်းပခဲ့ပါကြောင်း၊ ဗဟိုအဆင့်တွင် ရွေးချယ်ထားသော နဝမတန်းကျောင်းသား ၂၀ နှင့် ဒသမတန်း ကျောင်းသား ၂၀ တို့ကို Team Selection Test ဖြင့် ထပ်မံစစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် ကျောင်းသား ၆ ဦးကို ရွေးချယ်သည်ဟု သိရှိရပါကြောင်း၊ အဆိုပါ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကျောင်းသား ကျောင်းသူများကို မေ ၂ ရက် မှစ၍ ဇူလိုင် ၆ ရက်အထိ ရန်ကုန်တက္ကသိုလ် သင်္ချာဌာနတွင် သင်ကြားပို့ချသွား မည်ဖြစ်ပါကြောင်း၊ နိုင်ငံအတွက် ထူးချွန်သည့် ကျောင်းသား ကျောင်းသူများဖြစ်ကြစေရန် ဆုမွန်ကောင်းတောင်း ပါကြောင်းပြောကြားသည်။

 

ထို့နောက် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းနှင့် အခြေခံ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက အမှာစကားပြောကြားပြီး မြန်မာနိုင်ငံသင်္ချာအသင်း ဥက္ကဋ္ဌ ဒေါက်တာညွန့်ဆွေက အသင်း၏လုပ်ဆောင်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။ 

 

ယင်းနောက် မြန်မာနိုင်ငံသင်္ချာအသင်းဥက္ကဋ္ဌ ဒေါက်တာညွန့်ဆွေက အလှူရှင်များမှ မြန်မာနိုင်ငံသင်္ချာအသင်းသို့ ပေးအပ်လှူဒါန်းသည့် အလှူငွေများကို လက်ခံရယူသည်။ 

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက ဆုရရှိကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။ 

 

ယင်းနောက် ဆုရရှိကြသူများကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြော ကြားပြီး မြန်မာနိုင်ငံ သင်္ချာအသင်း အတွင်းရေးမှူး ဒေါက်တာစောဝင်းမောင်က မြန်မာနိုင်ငံသင်္ချာ အသင်း၏ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

England နိုင်ငံ၌ ဇူလိုင် ၁၁ ရက်မှ ၂၄ ရက် အထိ ကျင်းပသွားမည့် ၆၀ ကြိမ်မြောက် IMO ပြိုင်ပွဲကို မြန်မာနိုင်ငံအနေဖြင့် စတုတ္ထ အကြိမ်မြောက် သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ 

 

(သတင်းစဉ်)

 

ge DSC_8