ဘိုကလေး - စက်ဆန်း - ထော်ပိုင် - အမာလမ်းပေါ်ရှိလမ်းနှင့် ဆည်မြောင်း တာထပ်နေသည့် အပိုင်းများအား မည်သည့်ဌာနက မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်မည်ကို မေးမြန်း

နေပြည်တော် ၄ နိုဝင်ဘာ

 

ယနေ့တွင်ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့တွင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်မေသန်းနွဲ့ မေးမြန်းသည့် “ဘိုကလေး - စက်ဆန်း - ထော်ပိုင် - အမာလမ်းပေါ်ရှိလမ်းနှင့် ဆည်မြောင်း တာထပ်နေသည့် အပိုင်းများအား မည်သည့်ဌာနက မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်မည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်၍ မေးမြန်းခဲ့သည်။

 

အဆိုပါမေးမြန်းမှုအပေါ် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းရှိ ဘိုကလေး-စက်ဆန်း-ထော်ပိုင်-အမာလမ်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနပိုင်ဖြစ်ပြီး စက်ဆန်းနှင့် ထော်ပိုင်အကြား စုစုပေါင်း လမ်းအရှည် (၇)မိုင် (၅)ဖာလုံသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနပိုင် ဒေါင့်ကြီးကျွန်းပတ်တာနှင့် တစ်ထပ်တည်း ကျရောက်လျက် ရှိပါကြောင်း၊ တာပေါင် (၁)မီတာခန့် မြှင့်တင်ဆောင်ရွက်ခဲ့သည့်အတွက် လမ်း၏ Formation ပျက်စီးသွားခဲ့ကာ လမ်းတာပေါင်အကျယ် (၁၂)ပေသာ ကျန်ရှိခြင်းတို့ကြောင့် ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလာနိုင်ခြင်းကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနသို့ ညှိနှိုင်းအကြောင်းကြားခဲ့ရာ တာတမံဥပဒေအရ တာ၏အတွင်းဘက်ခြမ်းမှ (Second Berm)အဖြစ်သာ ဆောင်ရွက်သွားရန် သဘောထားမှတ်ချက် ပြန်ကြားလာခဲ့ပါကြောင်း။

 

အဆိုပါလမ်းသည် ၂၀ဝ၈ ခုနှစ် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းလွန်ကာလတွင် အရေးပေါ် ကယ်ဆယ်ရေးထွက်ပေါက်လမ်းအဖြစ် နာဂစ်လမ်းအမှတ် (၆)ဖြစ်ပြီး ၂၀၁၁ မှ ၂၀၁၉ ဘဏ္ဍာရေးနှစ်အထိ စုစုပေါင်း (၈)နှစ်အတွင်း ရန်ပုံငွေစုစုပေါင်း ကျပ် (၆၁၃၄.၅၀၁)သန်း သုံးစွဲခဲ့ပါကြောင်း။

 

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် တာပေါင်အသစ်တည်ဆောက်ရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ရန်ပုံငွေ လျာထားတောင်းခံထားမှုမရှိခြင်း၊ လမ်းပြုပြင်ခြင်းလုပ်ငန်းများ မတည်ဆောက်နိုင်သေးမီကာလအတွင်း လက်ရှိလမ်းတာပေါင်ကိုသာ ဆက်လက်သုံးစွဲခွင့် ပြုပါရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ ညှိနှိုင်းအကြောင်းကြားခဲ့ရာ ခွင့်ပြုပါကြောင်း။

 

လမ်းအူကြောင်းတစ်လျှောက်ရှိ မြေယာလျော်ကြေးကိစ္စများအား လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပြီး မြေယာလျော်ကြေးကိစ္စရပ်များ ပြီးပြတ်ပါက မြေယာလျော်ကြေးငွေနှင့် လမ်းတည်ဆောက်ခြင်းလုပ်ငန်းများအတွက် လျာထားရန် ပုံငွေများကို နီးစပ်ရာဘဏ္ဍာနှစ်တွင် တင်ပြတောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားခဲ့သည်။

 

MDN

ကိုးကား/ဓာတ်ပုံ- အမျိုးသားလွှတ်တော်