ဘိုကလေးမြို့နယ် မီးသတ်တပ်ဖွဲ့အနေဖြင့် သဘာဝဘေးကျရောက်လာပါက အချိန်မီ ကူညီကယ်ဆယ်နိုင်ရေး အသင့်စုဖွဲ့ထားရှိ

ဘိုကလေး မေ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် မီးသတ်တပ်ဖွဲ့အနေဖြင့် ဒေသတွင်း၌ သဘာဝဘေး ကျရောက်လာပါက အချိန်မီ ကူညီကယ်ဆယ်နိုင်ရေးအတွက် လူအင်အား၊ ယာဉ်အင်အားတို့ အပါအဝင် ကယ်ဆယ်ရေးပစ္စည်းများဖြင့် အသင့်စုဖွဲ့ထားရှိကြောင်း သိရသည်။

စုဖွဲ့ရာတွင် ဘိုကလေးမြို့နယ် မီးသတ်တပ်ဖွဲ့မှ ဦးစီးအရာရှိ ဦးထွန်းအောင် ဦးစီးလျက် သန္ဓေတပ်ဖွဲ့ဝင် အင်အား ၃၀၊ အရန် မီးသတ်တပ်ဖွဲ့ဝင် ၃၁၅ ဦး၊ မီးငြှိမ်းသတ်ယာဉ် ငါးစီး၊ ရေသယ်ယာဉ် လေးစီး၊ အသက်ကယ်ဘောကွင်း၊ ရှာဖွေကယ်ဆယ်ရေး ဝတ်စုံ၊ ဆေးသေတ္တာတို့ အပါအဝင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်း စုစုပေါင်း ၁၀၇ မျိုးတို့ စုဖွဲ့ထားရှိပြီး သဘာဝဘေး ကျရောက်ပါက အချိန်နှင့် တစ်ပြေးညီ ကူညီကယ်ဆယ်သွားမည် ဖြစ်ကြောင်းနှင့် ယခုလက်ရှိတွင်လည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်များအား ပြည်သူများ အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ရေး အသံချဲ့စက်ဖြင့် လှည့်လည်ကြေညာပေးလျက်ရှိသည်။

မိုးစက်(ဘိုကလေး)