ဘိုကလေးမြို့နယ်၌ အုန်းတံမြက်စည်းလုပ်ငန်း လုပ်ကိုင်သူများ မိသားစုအပိုဝင်ငွေရရှိ

ဘိုကလေး   ဇန်နဝါရီ    ၂၆

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းကို အဓိက စီးပွားရေးလုပ်ငန်းအဖြစ် ဆောင်ရွက်ကြသော်လည်း မိသားစုအပိုဝင်ငွေရရှိရေးအတွက် တစ်နိုင်တစ်ပိုင် အုန်းတံမြက်စည်းလုပ်ငန်း လုပ်ကိုင်သူများမှာ ငွေအရင်းအနှီး နည်းပါးစွာဖြင့် မိသားစု အပိုဝင်ငွေများ ရရှိလျက်ရှိသည်။

 

ဘိုကလေးမြို့နယ်သည် အုန်းပင်များ ပေါများစွာ ပေါက်ရောက်သည့်အတွက် အုန်းပင်မှ အုန်းလက်များအား အမှိုက်မဖြစ်စေဘဲ အုန်းရွက်သတ်ကာ အုန်းရွက်အလယ်မှ အုန်းတံများအား တံမြက်စည်းအဖြစ် စုစည်း၍ အုန်းတံမြက်စည်း ပြုလုပ်ကြခြင်းဖြစ်သည်။

 

ဘိုကလေးမြို့နယ်တွင် အုန်းတံမြက်စည်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သူ ၅၀ ထက် မနည်းရှိပြီး ဈေးကွက်သို့ တင်ပို့ရောင်းချပါက အသေးဆုံး တံမြက်စည်းတစ်ချောင်းလျှင် ငွေကျပ် ၂၅၀၊ အလတ်စား  တံမြက်စည်းတစ်ချောင်းလျှင် ငွေကျပ် ၇၀၀နှင့် လက်ကိုင်ဝါးတံပါ တံမြက်စည်းအကြီး တစ်ချောင်းလျှင် ငွေကျပ် ၁၆၀၀ ဖြင့် ဈေးကွက်အတွင်း လက်ကားတင်ပို့ ရောင်းချရပြီး အရင်းအနှီးနည်းပါးစွာဖြင့် မိသားစုအပိုဝင်ငွေများ ရရှိလျက်ရှိသည်။

 

အုန်းတံမြက်စည်းများမှာ အိမ်ခြံဝင်းများ၊ နံရံများနှင့် ဆောက်လုပ်ရေး ၊ မွေးမြူရေးလုပ်ငန်းများ၌ ရိုးရိုးတံမြက်စည်းများထက် ပိုမိုအသုံးဝင် အကြမ်းခံလေ့ရှိပြီး ကျေးလက်ရော မြို့ပြများပါ လူကြိုက်များသည့် ကုန်ပစ္စည်းတစ်ခုဖြစ်ကြောင်း သိရသည်။

 

မိုးစက်(ဘိုကလေး)