ဘိုလီးဗီးယား၌ တောမီးလောင်မှုများကြောင့် တိရစ္ဆာန်ကောင်ရေ နှစ်သန်းကျော် သေဆုံး

ချီကွစ်တာနီယာ ၂၆ စက်တင်ဘာ

ဘိုလီးဗီးယားနိုင်ငံ၌ ရက်သတ္တပတ် များစွာ တောမီးလောင်ခဲ့မှုများကြောင့် တိရစ္ဆာန်ပေါင်း နှစ်သန်းကျော် သေဆုံးခဲ့ရကြောင်း ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူများက ယမန်နေ့တွင် ပြောကြားခဲ့သည်။

တောမီးလောင်မှုများသည် နိုင်ငံအရှေ့ပိုင်းရှိ ချီကွစ်တာနီယာ အပူပိုင်း မြက်ခင်းပြင်ကျယ်ကို ယိုယွင်းပျက်စီးစေခဲ့သည်။ တောမီးလောင်မှုကြောင့် သေဆုံးခဲ့ရသည့် သားရဲတိရစ္ဆာန်ပေါင်း မြောက်မြားစွာတို့တွင် ကျားသစ်များ၊ ခြင်္သေ့များ၊ ကုလားအုတ်များ၊ သမင်များ နှင့် တောရိုင်းတိရစ္ဆာန်ငယ်များ ဖြစ်ကြသည့် ပုရွက်စားကောင်များ၊ ခွေးတူ ဝက်တူများ၊ ဖွတ်ပုတတ်များ၊ ကြံ့သူတော်များနှင့် အခြားတိရစ္ဆာန် အများအပြား ပါဝင်နေကြောင်း တောမီးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများကို စုံစမ်း စစ်ဆေးနေသည့် ဇီဝပညာရှင်များက ပြောကြားခဲ့သည်။

ချီကွစ်တာနီယာရှိ ဇီဝပညာရှင်များ နှင့် ဆွေးနွေးပြီးနောက် တားမြစ်ဧရိယာ အများအပြားတို့၌ ပျောက်ဆုံးနေသည့် တိရစ္ဆာန်အရေအတွက်ကို ၂ ဒသမ ၃ သန်းကျော်အထိ ခန့်မှန်းတွက်ချက်ခဲ့ကြောင်း ဆန်တာခရုစ် တက္ကသိုလ်မှ ပါမောက္ခဆန်ဒရာကွီရိုဂါက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လကတည်းက စတင်ကာ မြေဧကပေါင်း လေးသန်းကျော်ကို လောင်ကျွမ်းပျက်စီးစေခဲ့သည့် တောမီးများသည် ဆန်တာခရုစ် အရှေ့ပိုင်း တူကာဗာကာ သစ်တော ထိန်းသိမ်းရေးစခန်းရှိ သစ်တောမြေ ဧကပေါင်း ၁၀ဝ ကျော်ကို လုံးဝပျက်စီး ဆုံးရှုံးစေခဲ့ပြီဖြစ်ကြောင်း သိရသည်။ပျက်စီးဆုံးရှုံးမှုများမှာ နဂိုမူလ အခြေအနေသို့ ပြန်လည်ရောက်ရှိရန် မဖြစ်နိုင်တော့ကြောင်း ကွီရိုဂါက ပြောကြားခဲ့သည်။

အေအက်ဖ်ပီ