ဘိုလီးဗီးယားနိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါကူးစက်မှု အနီရောင်သတိပေးချက်ထုတ်ပြန်

ဇန်နဝါရီ  ၂၀

 

ဘိုလီးဗီးယားနိုင်ငံအရှေ့ပိုင်းဆန်တာခရုဇ်မြို့ရှိ ကျန်းမာရေးအာဏာပိုင်များက ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေး ရောဂါကူးစက်မှုများ မြင့်တက်လာပြီး ယင်းရောဂါကူးစက်မှုဖြင့် လေးဦးသေဆုံးခဲ့သောကြောင့် ယမန်နေ့က အနီရောင်သတိပေးချက် ထုတ်ပြန်ခဲ့သည်။

 

ကျန်းမာရေးဌာန၏ကူးစက်ရောဂါပျံ့ပွားခြင်းနှင့်ကာကွယ်ခြင်းဆိုင်ရာ အကြီးအကဲ ကာလော့ဟတ်တာဒိုက ဘိုလီးဗီးယားသည် ကူးစက်ရောဂါဆိုင်ရာ စစ်ဆေးကြည့်ရှုမှု အားကောင်းခြင်း၊ လူနာများအတွက် ကုသမှုအာမခံချက်ရှိခြင်းနှင့် ခြင်ပေါက်ဖွားသည့်နေရာများအား ဖျက်ဆီးခြင်းတို့လုပ်ဆောင်မည်ဖြစ်ကြောင်း သတင်းထောက်များအားပြောကြားသည်။

 

သွေးလွန်တုပ်ကွေးရောဂါကူးစက်မှုကြောင့် ဆေးရုံတက်ကုသမှုခံယူသူအရေအတွက်မြင့်မားသော်လည်း ကျန်းမာရေး စင်တာများတွင် ပြည့်နှက်ခြင်းမရှိသေးကြောင်း ၎င်းကပြောကြားသည်။

 

ထိုဒေသကူးစက်ရောဂါပျံ့ပွားခြင်းနှင့်ကာကွယ်ခြင်းဆိုင်ရာအစီရင်ခံစာအရ ဆန်တာခရုဇ်မြို့ရှိယင်းရောဂါကူးစက်ခံရသူ ၇၈ ဦး အပါအဝင် ဆေးရုံတက်ကုသမှုခံယူနေသူ ၁၁၂ ဦးရှိသည်ဟု သိရသည်။

 

နိုင်ငံတစ်ဝန်းရှိ ဒေသကြီးခြောက်ခုတွင် ယင်းရောဂါကူးစက်ခံရသူ ၅၀၈ ဦးရှိကြောင်းနှင့် ယခုနှစ် ယခုအချိန်အထိ ဆန်တာခရုဇ်တွင် ရောဂါကူးစက်မှုကြောင့် လေးဦးသေဆုံးခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဂျေဆန်အူဇာက ပြောကြားသည်။

 

အဆိုပါသွေးလွန်တုပ်ကွေးရောဂါသည် ခြင်ကိုက်ခံရမှုမှတစ်ဆင့်လူသို့ကူးစက်တတ်သောရောဂါဖြစ်ပြီး အာရှနှင့် လက်တင်အမေရိကနိုင်ငံ အချို့တို့တွင် ထိုရောဂါကူးစက်မှုကြောင့် ပြင်းထန်သောဖျားနာမှုနှင့် သေဆုံးမှုတို့ကိုဖြစ်စေနိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို