ဘိုလီးဗီးယားနိုင်ငံ၌ ယာဉ်မတော်တဆမှုဖြစ်ပွား၊ မိသားစုဝင်ငါးဦးသေဆုံး

ဇန်နဝါရီ ၂၇

 

ဘိုလီးဗီးယားနိုင်ငံ၌ ယမန်နေ့က လေးလံသောကုန်များပါရှိသောမြေကျောက်သယ်ကား(ထရပ်ကား)နှင့် ဗင်ကားတစ်စီးတို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့သဖြင့် မိသားစုဝင်ငါးဦးသေဆုံးခဲ့သည်ဟု ဒေသန္တရတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ကာလာမြို့ငယ်လေးနှင့် အာယူရိုမြို့တို့ဆက်သွယ်ထားသော အဝေးပြေးလမ်းပေါ်တွင် အရှိန်လွန်မောင်းနှင်လာသော ထရပ်ကားက ဗင်ကားကိုဝင်တိုက်မိသည်ဟု ယူဆကြောင်း အာယူရိုယာဉ်ထိန်းရဲဌာန ညွှန်ကြားရေးမှူးက ပြောကြားသည်။

 

လူမှုမီဒီယာနှင့် ရုပ်မြင်သံကြားသတင်းဖော်ပြချက်ပါပုံအရ အာယူရိုမြို့မှ ကီလိုမီတာ ၂၀ ခန့်အကွာတွင် ထရပ်ကားကြီးအောက် ပိပြားနေသော ဗင်ကားကိုတွေ့မြင်ရသည်။

 

အဆိုပါဗင်ကားအတွင်းရှိ သေဆုံးသူများ၏ရုပ်အလောင်းများကို မီးသတ်သမားများက ခက်ခက်ခဲခဲပြန်ထုတ်ယူရသည်ဟု ၎င်းကဆိုသည်။

 

ထိုသေဆုံးသူငါးဦးတွင် ကလေးသုံးဦး၊ မိခင်နှင့်ဖခင်တို့ပါဝင်ကြောင်း အာယူရိုရဲတပ်ဖွဲ့က အတည်ပြုထုတ်ပြန်ထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို