ဘွိုင်လာစစ်ဆေးရေးမှူးများ သင်တန်းဖွင့်လှစ်

နေပြည်တော်  ဇွန် ၂၆

 

စွမ်းဆောင်ရည်မြင့်မားသော ဘွိုင်လာစစ်ဆေးရေးမှူးများဖြစ်လာစေရန်၊ ဘွိုင်လာ ဥပဒေနှင့် ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်စေရန်၊ မြန်မာနိုင်ငံနှင့် နိုင်ငံတကာရှိ ဘွိုင်လာနှင့်ပတ်သက်သည့် စံများကို သိရှိနားလည်စေရန်၊ ဘွိုင်လာ ဆိုင်ရာ နည်းပညာများကို သိရှိနားလည်လာစေရန်၊ လုပ်ငန်းကျွမ်းကျင်သော ဘွိုင်လာ စစ်ဆေးရေးမှူးများ တိုးပွားလာသည်နှင့်အမျှ စက်မှုလုပ်ငန်းများတွင် ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် ဘွိုင်လာများကို စွမ်းဆောင်ပြည့်သုံးစွဲနိုင်စေရန် ရည်ရွယ်၍ ဘွိုင်လာ စစ်ဆေးရေးမှူးများ သင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၌ ပြုလုပ်သည်။

 

ဖွင့်ပွဲသို့ စက်မှုဝန်ကြီးဌာန ပြည်တောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ရန်ကုန် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မြတ်၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်၊ မြန်မာနိုင်ငံဂဟေအင်ဂျင်နီယာအသင်းနှင့် မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများ အသင်းတို့မှ ဒုတိယဥက္ကဋ္ဌများ၊ ဘွိုင်လာကျွမ်းကျင်ပညာရှင်များ၊ သင်တန်း နည်းပြများ၊ သင်တန်းသားများ၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ကြသည်။

 

ဖွင့်ပွဲတွင် စက်မှုဝန်ကြီးဌာန ပြည်တောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက  ဘွိုင်လာသည် ပေါက်ကွဲ စေတတ်သည့် စက်ပစ္စည်းအမျိုးအစားဖြစ်ပြီး အန္တရာယ်ဖြစ်နိုင်သည့်အတွက် ဘွိုင်လာစစ်ဆေးရေးမှူး များသည် စစ်ဆေးခြင်း ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုလုပ်ငန်း (Inspection Service) နှင့် စစ်ဆေးခြင်း အတွေ့အကြုံ (Inspection Experience) တို့ ပြည့်စုံကျွမ်းကျင်မှသာ ဘွိုင်လာများအား ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် အသုံးပြုနိုင်အောင် စစ်ဆေးဆောင်ရွက်ပေးနိုင် မည်ဖြစ်၍ အလေးထား လေ့လာ မှတ်သားကြရမည်ဖြစ်ကြောင်း၊ ဘွိုင်လာစစ်ဆေးရေးမှူး များသည် ဘေးအန္တရာယ်ကင်းရှင်းရေးသာမက နိုင်ငံတော်၏ လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရေးအတွက် သင်တန်းမှ ပို့ချပေးသည့် ဘာသာရပ် များကို စိတ်ဝင်တစားဖြင့် ကြိုးစားလေ့လာ သင်ယူကြရမည် ဖြစ်ကြောင်း ပြောကြားသည်။          

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဘွိုင်လာစစ်ဆေးရေးလုပ်ငန်းနှင့်ပတ်သက်သည့် ကိုးကားစာအုပ်များ၊ သင်တန်းဆိုင်ရာအထောက်အကူပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းကိရိယာတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး သင်တန်းသားများအား ရင်းရင်း နှီးနှီးတွေ့ဆုံနှုတ်ဆက်သည်။

 

ဘွိုင်လာစစ်ဆေးရေးမှူးများသင်တန်း အမှတ်စဉ် (၁/၂၀၂၃)ကို ရက်သတ္တ (၄)ပတ်ကြာ ဖွင့်လှစ်သွား မည်ဖြစ်ပြီး အဆိုပါ သင်တန်းသို့ စက်မှုဝန်ကြီးဌာန၊ ဘွိုင်လာစစ်ဆေးရေးဌာနတွင် တာဝန်ထမ်းဆောင်နေ သည့် စက်မှုအင်ဂျင်နီယာဘွဲ့ရ အရာထမ်းသစ် (၁၀)ဦးနှင့် ဘွိုင်လာစစ်ဆေးရေးမှူး (၄)ဦး၊ စုစုပေါင်း သင်တန်းသား (၁၄)ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 (သတင်းစဉ်)