ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) အရာထမ်းလောင်းအခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ်(၈) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

ရန်ကုန်၊ ဧပြီ ၂၀ 

 

ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)တွင် အရာထမ်းလောင်း အခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ်(၈) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ရတနာသိင်္ဃခန်းမ၌ ကျင်းပသည်။

 

သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ တာဝန်ခံအဖွဲ့ဝင် ဦးစိုးတင့်၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ် ဦးဇော်ဇော်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊  တက္ကသိုလ် သင်ကြားရေး/ စီမံဌာနများမှ ပါမောက္ခ၊ ဆရာ ဆရာမများနှင့် တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ တာဝန်ခံအဖွဲ့ဝင် ဦးစိုးတင့်က ယခုသင်တန်းကို ပြည်ထောင်စုရာထူးဝန်အဖွဲ့က ကျင်းပခဲ့သည့် ပြန်တမ်းဝင်အရာရှိ ဝင်ခွင့်ရာထူးစာမေးပွဲများကို ဖြေဆိုအောင်မြင်ခဲ့ကြသည့် ဌာနတွင်းဝန်ထမ်းများ၊ ပြင်ပမှ နိုင်ငံ့ဝန်ထမ်းတာဝန် စတင်ထမ်းဆောင်ကြမည့် အရာထမ်းလောင်းများကို စွမ်းဆောင်ရည် မြှင့်တင်ပေးနိုင်ရေး၊ အရည်အသွေးပြည့်မီသော ဝန်ထမ်းကောင်းများ ဖြစ်လာစေရေး၊ နိုင်ငံတော်၏ စီးပွားရေးမူဝါဒ၊ ရည်မှန်းချက်များကို အထောက်အကူ ဖြစ်စေရေးတို့အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း။

 

သင်တန်းသား သင်တန်းသူများအနေဖြင့် စွမ်းရည်မြင့်မားသည့် ဝန်ထမ်းကောင်းများ ဖြစ်လာစေရန် အမြဲလေ့လာ၊ လေ့ကျင့်၊ လိုက်နာပြီး လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ တစ်ဦးချင်း၏ စွမ်းဆောင်ရည်ကောင်းမွန်မှသာလျှင် အဖွဲ့လိုက်စွမ်းဆောင်ရည်များလည်း ကောင်းမွန်လာမည်ဖြစ်ကြောင်း။

 

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့ဝန်ထမ်းများကို ကျွမ်းကျင်မှုအတတ်ပညာ၊ သုတပညာနှင့် အတွေ့အကြုံကောင်းများ တိုးတက်လာစေရန်အတွက် လေ့ကျင့်ပေးလျက်ရှိရာ နိုင်ငံ့ဝန်ထမ်းများကလည်း မိမိရာထူးအဆင့်နှင့် လျော်ညီသည့် အရည်အသွေးနှင့် စွမ်းဆောင်ရည် တိုးတက်လာရန် အစဉ်ကြိုးစားလေ့လာသင်ယူပြီး နိုင်ငံတော်နှင့် ပြည်သူအပေါ် ပြန်လည်အလုပ်အကျွေးပြုရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

 

သင်တန်းဖွင့်ပွဲတွင် သင်တန်းသား(၁၁၁)ဦး၊ သင်တန်းသူ(၂၂၂)ဦး၊ စုစုပေါင်း(၃၃၃)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဧပြီ ၂၀ ရက်မှ ဩဂုတ် ၅ ရက်အထိ ရက်သတ္တ (၁၆)ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်