ဘင်္ဂလားဒေ့ရှ်နိုင်ငံ မက်နာမြစ်အတွင်း လှေနစ်မြုပ်မှုတွင် သတို့သမီး အပါအဝင် မင်္ဂလာပွဲ တက်ရောက်သူ ခုနစ်ဦး ထက်မနည်း သေဆုံး

၁၆ ဒီဇင်ဘာ

 

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်၏ အရှေ့တောင်ဘက် ၁၅၈ ကီလိုမီတာအကွာ နိုအာခါလီခရိုင်ရှိ မြစ်တစ်စင်းတွင် သတို့သမီးအပါအဝင် မင်္ဂလာပွဲသို့ တက်ရောက်သူ ခုနစ်ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

 

 

အဆိုပါလှေသည် ဒီဇင်ဘာ ၁၅ ရက် နေ့လယ် ၁ နာရီခန့်က မက်နာမြစ်အတွင်း လှေမှောက်နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။

 

 

နိုအာခါလီ ဟာတီရာရဲစခန်း တာဝန်ခံ အရာရှိ အဘူလ်ခါရာက ထိုလှေမှောက်မှုကြောင့် သေဆုံးသူ သတို့သမီးအလောင်း အပါအဝင် ခုနစ်ဦးအလောင်းများကို ဒေသခံများက ပြန်လည်ရှာဖွေ တွေ့ရှိခဲ့သည်ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။

 

 

ထိုလှေမှောက်ချိန်တွင် လှေပေါ်တွင် လူဦးရေ ၅၀ ခန့်ပါရှိပြီး သတို့သား အပါအဝင် အချို့သော သူများသည် ကမ်းခြေသို့ ရေကူးသွားခဲ့သဖြင့် အသက်ရှင်ကျန်ရစ်ခဲ့ကြသည်ဟု ထိုတာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

 

 

ယင်းလှေမှောက်ပြီးနောက် ကမ်းခြေသို့ ရေကူးသွားခဲ့သူဦးရေ မည်မျှရှိသည်ကို မသိရှိရသေးဟု ၎င်းကဆိုသည်။ သတို့သားအိမ်သို့ သွားနေစဉ် လှေမှောက်နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။

 

 

ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ်ပြီး သေဆုံးသူဦးရေ ပိုမိုများပြားလာမှာကို ၎င်းက စိုးရိမ်ခဲ့သည်။

 

 

ကူးတို့လှေနှင့် လှေတိမ်းမှောက်မှုများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အဖြစ်များလေ့ရှိသည်။ လှေနှင့်ကူးတို့လှေတို့သည် နိုင်ငံအတွင်း အဓိက သယ်ယူပို့ဆောင်ရေး အလုပ်ကို လုပ်ဆောင်ပြီး ယင်းလှေများပေါ်တွင် လူများပြည့်ကျပ်နေလေ့ရှိသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို