ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်း၌ လေ့ကျင့်ရေးလေယာဉ်ပျက်ကျသဖြင့် လေယာဉ်မှူးတစ်ဦးသေဆုံး

မေ ၁၀

ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်း Chattogram ဒေသတွင် ယမန်နေ့က လေ့ကျင့်ရေးလေယာဉ်ပျက်ကျမှုဖြစ်ပွားကြောင်း ဘင်္ဂလားဒေ့ရှ်တပ်က ပြောကြားသည်။ အဆိုပါလေယာဉ်သည် လေ့ကျင့်ပျံသန်းမှုလုပ်ဆောင်ပြီးနောက် ကာနာဖူလီမြစ်အတွင်းသို့ ပျက်ကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုလေယာဉ်ပေါ်မှလေယာဉ်မှူးနှစ်ဦးသည် လေထီးဖြင့်ခုန်ထွက်ရန်စီစဉ်ပြီး မြစ်အတွင်းသို့ဆင်းသက်ခဲ့သည်ဟုသိရသည်။ ၎င်းတို့ကို လေတပ်၊ ရေတပ်နှင့် ဒေသခံငါးဖမ်းသမားများက ကယ်ဆယ်ခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားသည်။ လေယာဉ်မှူးတစ်ဦးသည် တပ်ဆေးရုံတွင် ဆေးကုသမှုခံယူရင်း သေဆုံးသွားခဲ့သည်။ ယင်းလေယာဉ်ပျက်ကျမှုဖြစ်ပွားရသည့် အကြောင်းအရင်းကို မသိရှိရသေးကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို