ဒါကာ မတ် ၂၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ (၅၅)ကြိမ်မြောက် လွတ်လပ်ရေးနေ့နှင့် အမျိုးသားနေ့ အခမ်းအနားကို မတ် ၂၆ ရက်တွင် ခမ်းနားထည်ဝါစွာ ကျင်းပသည်။
အဆိုပါ လွတ်လပ်ရေးနေ့နှင့် အမျိုးသားနေ့ စစ်ရေးပြအခမ်းအနားသို့ ဘင်္ဂလားဒေ့ရှ်သမ္မတ မိုဟာမက်ရှာဟာဘူဒင် တက်ရောက်ခဲ့သည်။ အခမ်း အနားသို့ ဝန်ကြီးချုပ် တာရစ်ခ် ရာ့ရှ်မန်နှင့် အစိုးရအဖွဲ့ဝင်များ၊ အစိုးရနှင့် စစ်ဘက်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ၊ နိုင်ငံတကာ သံအမတ်ကြီးများနှင့် ပြည်တွင်းပြည်ပ ဧည့်သည်တော်များလည်း တက်ရောက်ခဲ့ကြသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၁၉၇၁ ခုနှစ် မတ် ၂၆ ရက် အရုဏ်တက်အချိန်တွင် ထုတ်ပြန်ခဲ့သော လွတ်လပ်ရေးကြေညာစာတမ်းကို ဂုဏ်ပြုသော အားဖြင့် နှစ်စဉ် မတ် ၂၆ ရက်ကို လွတ်လပ်ရေးနေ့အဖြစ် သတ်မှတ်ကျင်းပခြင်းဖြစ်သည်။ အခမ်းအနားတွင် အမျိုးသားအထိမ်းအမှတ်ဗိမာန်သို့ လာရောက် ၍ စစ်ပွဲအတွင်း ကျဆုံးခဲ့သည့် သူရဲကောင်းများအား အလေးပြုခဲ့ကြသည်။
လွတ်လပ်ရေးနေ့နှင့် အမျိုးသားနေ့အထိမ်းအမှတ်အနေဖြင့် ဘာသာရေးဆိုင်ရာနေရာများတွင် အထူးဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြသည်။ ထို့အပြင် တစ်နိုင်ငံလုံးရှိ အစိုးရဆေးရုံများ၊ အကျဉ်းထောင်များ၊ ပြန်လည်ထူထောင်ရေးစင်တာများ၊ မိဘမဲ့ဂေဟာများ၊ မသန်စွမ်းဂေဟာများ၊ ဘိုးဘွား ရိပ်သာများနှင့် ကလေးထိန်းကျောင်းများတွင်လည်း အထူးစတုဒိသာ ကျွေးမွေးမှုများကို စီစဉ်ဆောင်ရွက်ခဲ့ကြသည်။
ဆင်ဟွာ


