ဘင်္ဂလားဒေ့ရှ်နိုင်ငံမြောက်ပိုင်း၌ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ ၅၁ ဦးထက်မနည်းရှိလာ

စက်တင်ဘာ ၂၇

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံမြောက်ပိုင်းတွင် စက်တင်ဘာ ၂၅ ရက်က စက်လှေနစ်မြုပ်မှုဖြစ်ပွားခဲ့ရာ  ၅၁ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း အကြီးတန်းရဲအရာရှိတစ်ဦးက ယမန်နေ့က ပြောကြားသည်။

 

မြို့တော်ဒါကာမှ ၄၆၈ ကီလိုမီတာအကွာ မြောက်ပိုင်း ပန်ချာဂတ်ခရိုင်ရှိ ကာရာတိုယာမြစ်ထဲမှ ရုပ်အလောင်း ၂၆ လောင်းထပ်မံဆယ်ယူရရှိခဲ့သည်ဟု ပန်ချာဂတ်ခရိုင်ရဲမှူး ဆီရာဂျုဟူဒါက ဆိုသည်။

 

အဆိုပါတာဝန်ရှိသူ၏ပြောကြားချက်အရ ခရီးသည် ၁၀၀ ခန့်တင်ဆောင်လာသောထိုစက်လှေသည် စက်တင်ဘာ ၂၅ ရက်မွန်းလွဲပိုင်းတွင် နစ်မြုပ်သွားခဲ့သည်ဟု သိရသည်။

 

ယမန်နေ့က ရုပ်အလောင်း ၂၆ လောင်းထပ်မံဆယ်ယူရရှိသဖြင့် ထိုစက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူပေါင်း ၅၁ ဦးအထိရှိလာကြောင်းနှင့် ပျောက်ဆုံးနေသူများကို ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ထိုတာဝန်ရှိသူက ပြောကြားသည်။

 

ထိုစက်လှေသည် ဝန်ပိုတင်ဆောင်လာခြင်းကြောင့်  တိမ်းမှောက်နစ်မြုပ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို