မတ် ၂၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ Rajbari ခရိုင် ဒါကာမြို့တောင်ဘက် ၁၂၅ ကီလိုမီတာခန့်ရှိ တာမီနယ်တစ်ခုတွင် ခရီးသည်များစွာ တင်ဆောင်လာသော ဘတ်စ်ကားတစ်စီးသည် ဆိပ်ခံတံတားမှတဆင့် Padma မြစ်အတွင်းသို့ ထိုးကျသွားခဲ့ပြီးနောက် ရုပ်အလောင်း ၁၈ လောင်းထက်မနည်း ပြန်လည်တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။
မီးသတ်ဌာန၏ ပြောကြားချက်အရ မတ်လ ၂၅ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် ဒါကာသို့ ဦးတည်သော ခရီးသည်တင်ဘတ်စ်ကားသည် အရှိန်လွန်မောင်းနှင်မှုကြောင့် တိမ်းမှောက်မှုဖြစ်ပွားကာ ခန့်မှန်းခြေအားဖြင့် ပေ ၈၀ အနက်သို့ နစ်မြုပ်သွားခဲ့သည်ဟု သိရသည်။
ရာ့ဂျ်ဘာရီခရိုင်၏ ဒုတိယကော်မရှင်နာနှင့် ခရိုင်တရားသူကြီး ဆူလ်တာနာ အက်ခ်တာသည် ဘတ်စ်ကားပေါ်တွင် ခရီးသည်ဦးရေ ၄၀ ခန့် ပါရှိကြောင်း ဆင်ဟွာသို့ ပြောကြားခဲ့သည်။
ယခုလက်ရှိအချိန်အထိ အမျိုးသမီး ၁၀ ဦးနှင့် ကလေး နှစ်ဦး အပါအဝင် လူ ၁၈ ဦး၏ ရုပ်အလောင်းများကို ပြန်လည်ရရှိပြီးဖြစ်သည်ဟု ၎င်းကဆိုသည်။
ကနဦးတွင် ရုပ်အလောင်းနှစ်လောင်းကို ပြန်လည်ရရှိခဲ့သည်ဟု တာဝန်ရှိသူများကပြောကြားခဲ့သည်။ ထို့နောက်တွင် ကယ်ဆယ်ရေးသင်္ဘော ဟမ်ဇာသည် မတ်လ ၂၅ ရက်နေ့ ဒေသစံတော်ချိန် ည ၁၁ နာရီ ၅၀ မိနစ်တွင် ရေနစ်မြုပ်နေသော ဘတ်စ်ကားကို အပေါ်သို့ဆွဲတင်နိုင်ခဲ့ကြောင်းနှင့် ရုပ်အလောင်း ၁၆ လောင်းကို ထပ်မံတွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
မျက်မြင်သက်သေအများအပြားက ဒေသခံရုပ်မြင်သံကြားလိုင်းများသို့ ပြောကြားရာတွင် ခရီးသည် ၁၀ ဦးမှ ၁၁ ဦးအထိသာ ကမ်းပေါ်သို့ ရေကူးနိုင်ခဲ့သည်ဟု ဆိုသည်။
ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိပြီး ရုပ်အလောင်းများကို ထပ်မံဆယ်ယူနိုင်ဖွယ်ရာရှိသောကြောင့် သေဆုံးသူဦးရေ မြင့်တက်လာနိုင်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို


