ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ ၆၁ ဦးရှိလာ

ဒါကာ   စက်တင်ဘာ  ၂၈

ဘင်္ဂလားဒေ့ရှ်နိုင်ငံမြောက်ပိုင်း၌ စက်တင်ဘာ ၂၅ ရက်က ဖြစ်ပွားခဲ့သည့် စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ ၆၁ ဦးရှိလာကြောင်း     ဒေသဆိုင်ရာ ရဲတပ်ဖွဲ့အကြီးအကဲက ပြောကြားသည်။

သေဆုံးသူပေါင်း ၆၁ ဦးအထိ ရှိလာ

စက်တင်ဘာ ၂၇ ရက်တွင်      နောက်ထပ် ရုပ်အလောင်း ၁၀ လောင်း   ထပ်မံရှာဖွေတွေ့ရှိပြီး နောက် သေဆုံးသူပေါင်း ၆၁ ဦးအထိ ရှိလာခဲ့ခြင်း ဖြစ်ကြောင်း  ပန်ချာဂါခရိုင်   ဘိုဒါရဲစခန်းမှ ရဲအရာရှိ ကူမာရွိုင်းက ယနေ့မွန်းလွဲပိုင်းတွင် ဆင်ဟွာသတင်း ဌာနသို့ ဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့သည်။

သေဆုံးသူများ၏ရုပ်အလောင်းများကို    မြို့တော် ဒါကာ နှင့် ၄၆၈ ကီလိုမီတာအကွာတွင်ရှိသော ပန်ချာဂါခရိုင်အတွင်းရှိ     ကာရာတိုယာမြစ်၏   နေရာအတော်များများမှ    ရှာဖွေတွေ့ရှိခြင်းဖြစ် ကြောင်း   ဒေသဆိုင်ရာ  ရဲတပ်ဖွဲ့အကြီးအကဲက ပြောကြားသည်။

အဆိုပါစက်လှေသည်  ခရီးသည် ၁၀၀ ခန့် သယ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် စက်လှေ နစ်မြုပ်မှုကြောင့်   ပျောက်ဆုံးနေသူများအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ     ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ
 ဘာသာပြန် - အလင်းသစ်