ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ လှေတစ်စင်းတိမ်းမှောက်၊ ၂၄ ဦး ထက်မနည်း သေဆုံး

ဒါကာ စက်တင်ဘာ ၂၆

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံမြောက်ပိုင်း ပန်ချဂါတ်ခရိုင်ရှိ ကာရာတိုယာမြစ်တွင် စက်တင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းက လှေတစ်စင်း တိမ်းမှောက်မှုကြောင့်  ၂၄  ဦး ထက်မနည်း သေဆုံးပြီး အခြားခရီးသည်များစွာ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း သိရသည်။ 

 

လက်ရှိအချိန်အထိ အမျိုးသမီး  ၁၂  ဦး၊ ကလေးငယ် ရှစ်ဦးနှင့် အမျိုးသားလေးဦး၏  ရုပ်အလောင်းကို ဆယ်ယူရရှိပြီး ဖြစ်ကြောင်း ပန်ချဂါတ်ခရိုင် ရဲတပ်ဖွဲ့မှ အကြီးအကဲဖြစ်သူ ဆီရာဂျူလ် ဟူဒါကဆင်ဟွာသို့ ပြောသည်။ ရဲအရာရှိ၏ အဆိုအရ လူ ၁၀၀ နီးပါးတင်ဆောင်လာသော အဆိုပါလှေသည် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လှေတိမ်းမှောက်မှု ဖြစ်ပွားပြီးနောက် ခရီးသည်အများစုသည် ကမ်းခြေသို့ ကူးခတ် နိုင်ခဲ့သည်ဟုဆိုသည်။

 

လှေပေါ်ပါ ခရီးသည် ၁၀ ဦးမှ ၁၂ ဦး အထိ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း၊ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေဆဲဖြစ်ကြောင်းနှင့် လှေတိမ်းမှောက်ရခြင်း၏ အကြောင်းရင်းသည် လှေပေါ်၌ ဝန်ပိုတင်ခြင်းကြောင့် ဖြစ်ကြောင်း အဆိုပါ ရဲအရာရှိက ပြောသည်။

 

ဆင်ဟွာ