ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ရေကြီးရေလျှံမှုများဖြစ်ပွားသဖြင့် သေဆုံးသူ ၁၃၁ ဦးရှိလာ

ဇူလိုင် ၂၇

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ဖြင့် သေဆုံးသူ ၁၃၁ ဦးအထိ ရှိလာသည်ဟု အစိုးရက ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

 

အဆိုပါရေကြီးရေလျှံမှုတို့ကြောင့် မေ ၁၇ ရက်မှ ဇူလိုင် ၂၆ ရက်အတွင်း  ရေနစ်မြုပ်ပြီးသေဆုံးသူ ၁၀၃ ဦး၊ မိုးကြိုးပစ်မှုကြောင့် ၁၆ ဦး၊ မြွေကိုက်ခံရမှုကြောင့် နှစ်ဦး၊ ဝမ်းပျက်ဝမ်းလျှောဖြစ်သူ တစ်ဦးနှင့် အခြားသောအကြောင်းအရင်းများကြောင့် ကိုးဦးတို့ သေဆုံးခဲ့ကြသည်ဟု ဖော်ပြထားသည်။

 

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲ့ရေးနှင့် ကယ်ဆယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ အမျိုးသားသဘာဝဘေး တုံ့ပြန်ရေးစင်တာ၏နေ့စဉ်သဘာဝဘေးအခြေအနေအစီရင်ခံစာအရ  ထောင်ပေါင်းများစွာသော မိသားစုများ နေအိမ်များကိုစွန့်ခွာ၍ ဘေးကင်းရာသို့ရွှေ့ပြောင်းခဲ့ရသည်ဟု သိရသည်။

 

သို့ရာတွင် ခရိုင်အများစုရှိ မြစ်များအတွင်း ရေအမှတ်များလျော့ကျလာပြီး ရေကြီးရေလျှံမှုအခြေအနေ သိသိသာသာကောင်းမွန်လာသည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဇွန်လမှစက်တင်ဘာလအထိ မုတ်သုံရာသီအတွင်း နှစ်စဉ်နှစ်တိုင်း ရေကြီးရေလျှံမှုများဖြစ်ပွားသဖြင့် ရာနှင့်ချီသောမြစ်များတွင် ရေလျှံကာ နိုင်ငံအတွင်းရှိ လူသန်းပေါင်းများစွာတို့သည် ရေဘေးသင့်ဒဏ်ခံရကြရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို