ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူပေါင်း ၁၂၀၀၀ ကျော်ရှိလာ

စက်တင်ဘာ ၂၁

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၄ နာရီအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၄၃၈ ဦး ထပ်မံတွေ့ရှိခဲ့သဖြင့် ယခုနှစ်အတွင်း ထိုရောဂါဖြစ်ပွားသူ ၁၂၀၀၀ ကျော်ရှိလာကြောင်း အတည်ပြုထုတ်ပြန်ထားသည်။

 

နိုင်ငံတစ်ဝန်းတွင် ယခုလအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု သိသိသာသာမြင့်တက်လာပြီး ထိုရောဂါဖြစ်ပွားသူ ၅၈၂၆ ဦးနှင့် ထိုရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူ ၂၄ ဦး ရှိကြောင်းကျန်းမာရေးဝန်ဆောင်မှုဦးစီးဌာန( ဒီဂျီအိတ်ချ်အက်စ် )က ပြောကြားသည်။

 

ဇူလိုင်လက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၅၇၁ ဦး ရှိပြီးနောက် ဩဂုတ်လအတွင်း ထိုရောဂါဖြစ်ပွားသူ ၃၅၂၁ ဦး ထပ်မံတွေ့ရှိခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ဒီဂျီအိတ်ချ်အက်စ်က ထုတ်ပြန်သော ကိန်းဂဏန်းအရ သိရသည်။

 

မြို့တော်ဒါကာတွင် ယမန်နေ့က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၃၁၅ ဦး ရှိရာ ထိုရောဂါဖြစ်ပွားမှု မြင့်တက်လာသည်ဟု ဖော်ပြထားသည်။

 

ဇွန်လမှစက်တင်ဘာလအတွင်း နိုင်ငံတစ်ဝန်းတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမြင့်တက်လာသဖြင့် ဒါကာမြို့တော်ရှိအာဏာပိုင်အဖွဲ့က မကြာသေးမီကပင် ခြင်ပေါက်ဖွားမှုနှိမ်နင်းရေးကို အားဖြည့်လုပ်ဆောင်ခဲ့ကြသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို