ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ တစ်ရက်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၃၀၁၅ ဦး ထပ်မံတွေ့ရှိ၊ ၂၁ ဦး ထပ်မံသေဆုံး

စက်တင်ဘာ ၂၁

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လွန်ခဲ့သော၂၄ နာရီအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၃၀၁၅ ဦး ထပ်မံတွေ့ရှိပြီး ယင်းရောဂါဖြင့် ၂၁ ဦးထပ်မံသေဆုံးခဲ့သည်။ ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြင့်သေဆုံးမှု အများဆုံးနေ့အဖြစ် စံချိန်တင်ခဲ့သည်။

ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ ၁၇၆၈၁၀ ရှိပြီး ယင်းရောဂါဖြင့် သေဆုံးသူပေါင်း ၈၅၀ ကျော်ရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ကျန်းမာရေးဦးစီးဌာန( ဒီဂျီအိတ်ချ်အက်စ် )က ပြောသည်။

နိုင်ငံတစ်ဝန်းတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ဇူလိုင်လက ၄၃၈၅၄ ဦး၊ ဩဂုတ်လက ၇၁၉၇၆ ဦး၊ စက်တင်ဘာလ လက်ရှိအချိန်အထိ ၅၃၀၀၂ ဦး ရှိပြီး ယင်းရောဂါဖြင့် ဇူလိုင်လက ၂၀၄ ဦး၊ ဩဂုတ်လက ၃၄၂ ဦးနှင့် စက်တင်ဘာလအတွင်း ၈၆၇ ဦး သေဆုံးခဲ့ကြောင်း ဒီဂျီအိတ်ချ်အက်စ်က ဖော်ပြထားသည်။

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားရာမှ လွန်ခဲ့သော ၂၄ နာရီအတွင်း ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၂၈၃၃ ဦးရှိလာပြီး နိုင်ငံတစ်ဝန်းတွင် ယခုနှစ် လက်ရှိအချိန်အထိ ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူပေါင်း ၁၆၅၆၈၀ ရှိလာသည်ဟု သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဇွန်လမှစက်တင်ဘာလ မုတ်သုံရာသီကာလအတွင်း ခြင်မှတစ်ဆင့်ကူးစက်သော သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှု မြင့်မားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို