စက်တင်ဘာ ၁၉
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယမန်နေ့က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၃၀၈၄ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ယင်းရောဂါဖြင့် ၁၇ ဦး ထပ်မံသေဆုံးခဲ့သည်။
ယခုနှစ်အတွင်း လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၁၇၀၇၆၈ ဦးရှိလာပြီး ယင်းရောဂါဖြင့်သေဆုံးသူ ၈၀၀ ကျော်ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ကျန်းမာရေးဦးစီးဌာနက ပြောသည်။
ကျန်းမာရေးဦးစီးဌာန၏ပြောကြားချက်အရ ဇူလိုင်လက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၄၃၈၅၄ ဦး၊ ဩဂုတ်လက ၇၁၉၇၆ ဦးနှင့် စက်တင်ဘာလ လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ ၄၆၉၆၀ ရှိသည်ဟု သိရသည်။
ဇူလိုင်လက ယင်းရောဂါဖြင့်သေဆုံးသူ ၂၀၄ ဦး၊ ဩဂုတ်လက ၃၄၂ ဦးနှင့် စက်တင်ဘာလအတွင်း သေဆုံးသူ ၂၄၆ ဦးတို့အပါအဝင် သေဆုံးသူပေါင်း ၈၃၉ ဦး ရှိသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဇွန်လမှစက်တင်ဘာလအတွင်း မုတ်သုံရာသီကာလတွင် ခြင်မှတစ်ဆင့်ကူးစက်သော သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမြင့်မားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို