ဘင်္ဂလားဒေ့ရှ်သို့ ရေချိုထွက်ကုန်တင်ပို့မှုဈေးကွက်ရရှိထား၍ ရခိုင်ပြည်နယ်၌ ရေချိုငါးမွေးမြူရေးကဏ္ဍ ဦးတည်ဆောင်ရွက်နေ

ရန်ကုန် ဇွန်၂၃

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေချိုထွက်ကုန်တင်ပို့မှု ဈေးကွက်ရရှိထားသောကြောင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနတို့၏ နည်းပညာနှင့် အရင်း အနှီး ဖြည့်ဆည်းမှုဖြင့် ပြည်နယ် ရေချိုငါးမွေးမြူရေး ကဏ္ဍကို ဦးတည်ဆောင်ရွက်နေ ကြောင်း သိရသည်။ 

 ရခိုင်ပြည်နယ်ရှိ မောင်တောနှင့် စစ်တွေ နယ်စပ်ကုန်သွယ်ရေးဂိတ်နှစ်ခုမှ ဘင်္ဂလားဒေ့ရှ်သို့ ငါးမြစ်ချင်း၊ ငါးပါးနီ၊ ငါးမုတ်မဲ၊ ငါးသလောက်၊ ကျောက်ပုစွန်၊ ငါးစုံ ကလေး ခြောက်၊ ငါးနီတူခြောက်၊ ငါးကုန်းညိုခြောက်၊ ငါးနှပ်ခြောက်၊ ကင်းမွန်ခြောက်၊ ငါးကွန်း ရှပ်၊ ရေငန်ငါး/ပုစွန်၊ ရွံ့ဂဏန်း၊ ဂဏန်းပျော့နှင့် ဂုံးအစို စသည့် ရေထွက်ကုန် များကို တင်ပို့လျက်ရှိသည်။

“ပြည်နယ်မှာ ရေချိုငါးမွေး ကန်ဧက(၅၀၀)နီးပါးရှိပြီး ဘင်္ဂလားဒေ့ရှ်ကို ရေချိုငါး တင်ပို့တဲ့ ဈေးကွက်ရှိနေတာကြောင့် ရေချိုငါး မွေးမြူရေးကဏ္ဍကို ဦးတည်ပြီး ဆောင်ရွက်နေတယ်။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေဘဲ၊ ဒီရေတောတွေကို ခုတ်ထွင်ခြင်းမပြုဘဲ ပုစွန်/ဂဏန်း မွေးမြူနိုင်တဲ့ Mangrove Friendly Farming System ကို ဆောင်ရွက်သွားမယ်။ ဒီဟာမျိုး ဧက(၁၀၀၀)ကို ဖော်ထုတ်ဖို့ (၂)နှစ်စီမံကိန်းနဲ့ ဆောင်ရွက်နေပါတယ်။ ပြည်နယ်အစိုးရဘတ်ဂျက်နဲ့ မင်းပြားမှာ ရေချိုငါး သားဖောက် စခန်း အသစ်တစ်ခု တည်ဆောက်ပြီးဖြစ်တဲ့အတွက် လာမယ့် သားဖောက်ရာသီမှာ လုပ်ငန်းစတင်ပါ့မယ်။ သားဖောက်စခန်းပတ်ဝန်းကျင်မှာလည်း မွေးမြူရေး ဇုန်တစ်ခု ပေါ်ထွန်းလာဖို့အတွက် ဧက(၁၀၀၀) ဆောင်ရွက်နေတာလည်း ရှိပါတယ်” ဟု ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦး သက်ဦးကပြောသည်။
     
ရခိုင်ပြည်နယ် နယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခုမှ ပြည်ပသို့ ရေထွက်ကုန် တင်ပို့မှု အနေဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ် (၆လ)ဘဏ္ဍာနှစ်တွင် ကုန်တန်ချိန် ၁၁၃၆၂ ဒသမ ၉၇ တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၁၃ ဒသမ ၃၈၇ သန်း ရရှိခဲ့ပြီး ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဇွန်(၁၁)ရက်အထိ ကုန်တန်ချိန် ၂၇၁၁ ဒသမ ၈၀တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၃ ဒသမ ၃၇၈ သန်း  ရရှိထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ပြည်နယ် ရေလုပ်ငန်းမွေးမြူထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်လာစေရန် ပြည်နယ် အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်သည် ပြည်နယ် မွေးမြူရေး လုပ်ငန်းရှင် များနှင့် ဇွန်(၁၅)ရက်က တွေ့ဆုံကာ ရေချိုငါး၊ ပုစွန်နှင့် ဂဏန်းပျော့မွေးမြူသော လုပ်ငန်း များကို နည်းပညာနှင့် ချေးငွေ ထောက်ပံ့ကူညီနိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြ ကြောင်း သိရှိရသည်။
    
ဓာတ်ပုံ - ကနူး     - ညိမ်းသူ ( သတင်းစဉ် )