ဘင်္ဂလားဒေ့ရှ်သင်္ဘောဆိပ်ကမ်း ကုန်လှောင်ရုံ၌ မီးလောင်မှုဖြစ်ပွား၊ ၄၉ ဦးထက်မနည်းသေဆုံး

ဆီသာကုန်ဒါ(ဘင်္ဂလားဒေ့ရှ်) ဇွန် ၆

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သင်္ဘောဆိပ်ကုန်လှောင်ရုံတစ်ခုတွင် ကြီးမားသောဓာတုပစ္စည်းပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ ပြီးနောက် လူ ၄၉ ဦးထက် မနည်းသေဆုံးပြီး ၃၀၀ ကျော်ဒဏ်ရာ ရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

 

မီးလောင်မှုတွင် ဒဏ်ရာပြင်းထန်သူများပြားသည့်အပြင် မီးလောင်သည့်အပျက်အစီးများကြား၌ အလောင်းများ ထပ်မံရှာဖွေတွေ့ရှိနေခြင်းကြောင့် သေဆုံးသူဦးရေလည်း ထပ်တိုးလာဖွယ်ရှိကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

 

အဆိုပါမီးလောင်မှုသည် ကုန်သေတ္တာပေါင်း ၄၀၀၀ ခန့်သိုလှောင်ထားသည့်ဆီသာကုန်ဒါဆိပ်ကမ်းတွင် ဇွန် ၄ ရက်နှောင်းပိုင်းက စတင်ဖြစ်ပွားခဲ့သည်။ ယင်းကုန်သေတ္တာအများစုတွင် အနောက်နိုင်ငံများရှိ လက်လီရောင်းချသူ များထံသို့ တင်ပို့မည့်အဝတ်အထည်များကို ထည့်ထားကြောင်း သိရသည်။ အဆိုပါဆိပ်ကမ်းသည် စစ်တကောင်း ဆိပ်ကမ်းမြို့မှ တောင်ဘက်ကီလိုမီတာ ၄၀ (၂၅ မိုင်) ခန့်အကွာတွင် တည်ရှိသည်။

 

ဒေသဆိုင်ရာဆရာဝန်ကြီး အယ်လီးယားစ်ချော်ဒူရီ၏ ပြောကြားချက်အရ မီးလောင်မှုတွင် လူ ၄၉ ဦး သေဆုံးခဲ့ပြီး ယင်းတို့အနက် မီးသတ်တပ်ဖွဲ့ဝင် ကိုးဦးထက်မနည်းပါဝင်ကြောင်း သိရသည်။ ထို့အပြင် မီးလောင်မှုသတင်း ရယူသည့်သတင်းထောက် အများအပြားလည်း ပျောက်ဆုံးနေကြောင်း သိရသည်။

 

မီးသတ်သမားများသည် မီးသတ်ပိုက်များဖြင့်မီးကို ယနေ့အထိ ဆက်လက်ငြှိမ်းသတ်လျက်ရှိသည်။ “ကယ် ဆယ်ရေးလုပ်ငန်းတွေကို အဆုံးမသတ်နိုင်သေးတာကြောင့် မီးလောင်မှုမှာ သေဆုံးတဲ့ဦးရေလည်း ထပ်တိုးလာ ဖွယ်ရှိတယ်လို့” ချောင်ဒူရီက ထပ်မံပြောကြားသည်။

 

ဆိပ်ကမ်းညွှန်ကြားရေးမှူး မူဂျီဘူရာမန်၏ ပြောကြားချက်အရ အဆိုပါဆိပ်ကမ်းတွင် ဝန်ထမ်း ၆၀၀ ခန့်ရှိပြီး မီးလောင်မှု စတင်ဖြစ်ပွားရခြင်း၏ အကြောင်းရင်းကို လက်ရှိအချိန်အထိ မသိသေးကြောင်း သိရသည်။

 

ကိုးကား -အေအက်ဖ်ပီ
ဘာသာပြန် - ဂျေတီ