ဘင်္ဂလားဒေ့ရှ်တွင် ပထမဆုံးအကြိမ်အဖြစ် အိန္ဒိယတွင်တွေ့ရှိရသော ဗီဇပြောင်းကိုဗစ် -၁၉ ကူးစက်မှုတွေ့ရှိ

ဒါကာ၊ ၁၀ မေ

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အိန္ဒိယတွင်တွေ့ရှိရသော ဗီဇပြောင်း ကိုဗစ်-၁၉ ကူးစက်မှုကို ပထမဆုံးအကြိမ်အဖြစ် တွေ့ရှိရသည်ဟု သိရသည်။ အဆိုပါ ဗီဇပြောင်း ကို B.1.617 ဟု အမည်ပေးထားပြီး ဒါကာမြို့ရှိဆေးရုံတွင် လူနှစ်ဦး ကူးစက်ခံထားရသည်ဟု သိရသည်။

 

အိန္ဒိယမှ လာမည့်ခရီးသွားများကို ပိတ်ပင်မှုများ ပြုလုပ်ပြီးနောက် သီတင်းပတ်အကြာတွင် ဘင်္ဂလားဒေ့ရှ်၌ အဆိုပါကူးစက် မြန်သည့် ဗီဇပြောင်း ကိုဗစ်- ၁၉ ကူးစက်မှုကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်တွင် ကိုဗစ်၁၉ ကူးစက်မှု ဒုတိယအကျော့နှင့် ရင်ဆိုင်နေရပြီး ဧပြီ ၂၆ ရက်မှ စတင်ကာ အိန္ဒိယမှကုန်းလမ်းဖြင့် လာမည့်ခရီးသွားများကို ပိတ်ပင်ခဲ့သည်။ ဧပြီ ၁၄ ရက်မှ စတင်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့အကြား လေကြောင်းဖြင့် ခရီးသွားလာမှုကို ဆိုင်းငံ့ထားခဲ့သည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မေ ၈ ရက်၌ ကိုဗစ်-၁၉ နောက်ထပ်ကူးစက်မှု ၁၂၈၅ ဦးကို တွေ့ရှိခဲ့ပြီး သေဆုံးသူ ၄၅ ဦး ရှိခဲ့သည်။ ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ကူးစက်မှု စုစုပေါင်း ၇၇၂၁၂၇ ဦး ရှိခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၁၁၈၇၈ ဦး ရှိခဲ့သည်။ မေ ၇ ရက်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၌ ကိုဗစ် -၁၉ ဆေးစစ်မှုပေါင်း ၁၄၇၀၃ ဦး ကို လုပ်ဆောင်ပေး နိုင်ခဲ့သည်။ ကိုဗစ် -၁၉ ကူးစက်ခံ ရပြီးနောက် ပြန်လည်ကျန်းမာလာသူ အရေအတွက်မှာ ၇၀၆၈၃၃ ဦးရှိသည်။ တရားဝင် ထုတ်ပြန်ထားသည့် အချက်အလက်များအရ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုနှုန်းမှာ ၁ ဒသမ ၅၄ ရာခိုင်နှုန်းရှိပြီး ပြန်လည်ကျန်းမာ လာသည့်နှုန်းမှာ ၉၁ ဒသမ ၅၄ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။

 

ဆင်ဟွာ