ဘန်ကောက်မြို့ ဗုံးပေါက်ကွဲမှုအပေါ် ချက်ချင်းစုံစမ်းစစ်ဆေးရန် ထိုင်းဝန်ကြီးချုပ် အမိန့်ထုတ်ပြန်

၂ သြဂုတ်

 

ဝန်ကြီးချုပ်  ပရာယွဒ် ချန်အိုချာ က ဗုံးပေါက်ကွဲမှုဖြစ်စဉ်များကို ချက်ချင်းစုံစမ်းစစ်ဆေးရန် အမိန့်ထုတ်ပြန်ခဲ့ပြီး  အများပြည်သူများ အထိတ်တလန့်မဖြစ်ရန် တိုက်တွန်းခဲ့သည်ဟု  ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက  ပြောကြားခဲ့သည်။

 

အဆိုပါ ဗုံးပေါက်ကွဲမှုအခြေအနေကို အနီးကပ်စောင့်ကြည့်နေကြောင်းနှင့် လုံခြုံရေးတင်းကျပ်စွာ စီမံထားကြောင်း ပရာယွဒ် ချန်အိုချာက ပြောကြားခဲ့သည်။ မည်သည့်မူမမှန်မှုမျိုးကိုမဆို ရင်ဆိုင်ကြုံတွေ့ရပါက တာဝန်ရှိသူများထံချက်ချင်း အကြောင်းကြားရန် အများပြည်သူများ ပူးပေါင်းဆောင်ရွက်ပေးဖို့ ၎င်းက မေတ္တာရပ်ခံထားသည်။

 

မိုးပျံရထား ဘူတာရုံ နှင့် အစိုးရအဆောက်အဦးများ အနီးနားနေရာများအပါအဝင် ဘန်ကောက်မြို့နေရာအနှံ့အပြားတွင် ယနေ့မနက်ပိုင်းက ဗုံးလေးလုံးပေါက်ကွဲခဲ့ပြီး ယမန်နေ့ညပိုင်းက ဘန်ကောက်မြို့ရှိ တော်ဝင်ထိုင်းရဲဌာနချုပ် အရှေ့တွင် ဗုံးတုတစ်လုံး တွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

 

ထိုဗုံးပေါက်ကွဲမှုများကြောင့် လူနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ သံသယရှိသူ နှစ်ဦးကို ရဲတပ်ဖွဲ့ က ဖမ်းဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

 

ယင်းပေါက်ကွဲမှုများသည် မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်လုပ်ဆောင်သည့် အာဏာဖီဆန်သူများ၏လက်ချက်ဖြစ်နိုင်သည်ဟု မီဒီယာက ဖော်ပြထားသည်။

 

ဇူလိုင် ၂၈ ရက်နေ့ကစပြီး အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ဘန်ကောက်မြို့တွင် ကျင်းပလျက်ရှိသည်။

 

ကိုးကား - ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို