ဘဏ္ဍာနှစ်အလိုက် တိုးချဲ့စိုက်ပျိုးလာမည့် နေကြာသီးနှံစိုက် ဧရိယာအတွက် လိုအပ်လာမည့် မျိုးစေ့ပမာဏ ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ရေးကြိုးပမ်း 

နေပြည်တော်  မတ်၂၁

နေကြာမျိုးစေ့ထုတ်လုပ်ရာတွင် ဆောင်ရွက်ရမည့် အစီအစဉ်များ ညှိနှိုင်းခြင်း အစည်းအဝေး ကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ၊ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း၊ စိုက်ပျိုး ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာဒုတိယဝန်ကြီးကနိုင်ငံတော်၏ လယ်ယာကဏ္ဍဆိုင်ရာမူဝါဒများနှင့်အညီ စားနပ်ရိက္ခာ ဖူလုံပိုလျှံရေး နှင့် လယ်ယာကုန်ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေး အတွက် မိမိတို့ဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ပေးနေမှုနှင့် ဆောင်ရွက်ပေး လိုမှုကို တောင်သူများ၊ ပုဂ္ဂလိကများ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ဟန်ချက်ညီ ပူးပေါင်း ဆောင်ရွက်လာရေးအတွက် မီဒီယာအားကို ထိထိရောက်ရောက် အသုံးချရန်လိုအပ်ကြောင်း၊ ပြည်တွင်း စားသုံးဆီ လိုအပ်ချက်ကို စိုက်ပျိုးရာသီ တစ်ရာသီ နှစ်ရာသီအတွင်း ဖြည့်ဆည်းပေးနိုင်ရန် ဆီထွက်သီးနှံနေကြာအား တိုးချဲ့စိုက်ပျိုးလျက်ရှိရာ တစ်ဧက နေကြာအထွက်နှုန်းနှင့် ဆီထွက် ကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်မျိုးစေ့များ အသုံးပြုစိုက် ပျိုးနိုင်ရေးအတွက် စီမံကိန်းဦးစီးဌာန ၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသန ဦးစီးဌာနတို့ပူးပေါင်း ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနအလိုက် နေကြာမျိုးစေ့ ထုတ်လုပ်ရေးလုပ်ငန်းအတွက် ပညာရှင်ဝန်ထမ်းများ သီးခြားတာဝန်ချထားပေးနိုင်ရေး ၊ တိကျသည့် လုပ်ငန်းကာလနှင့် ရန်ပုံငွေအသုံးပြုနိုင်ရေး၊ ဒေသအလိုက် ရာသီအလိုက် နေကြာမျိုးစေ့ထုတ်လုပ်သွားမည့် အစီအစဉ်များနှင့် ထွက်ရှိလာမည့် မျိုးစေ့များ သိုလှောင်မည့် အအေးခန်းသိုလှောင်ရုံ အသုံးပြုနိုင်ရေး ၊ နေကြာမျိုးသန့်မျိုးပွား ဆောင်ရွက်မည့် တောင်သူများ မျိုးစေ့သန့်စင်စက် အသုံးပြုနိုင်ရေးအတွက် စီမံဆောင်ရွက်သွားမည်ဖြစ် ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ဦးစီးဌာနအလိုက် တာဝန်ရှိသူများက ဘဏ္ဍာနှစ်အလိုက် တိုးချဲ့စိုက်ပျိုးလာမည့် နေကြာသီးနှံစိုက် ဧရိယာအတွက် လိုအပ်ချက်မရ မျိုးစေ့ပမာဏ ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ရေး၊ နေကြာမျိုးစေ့ထုတ် လုပ်ငန်းစဉ်တစ်လျောက် ဆောင်ရွက်ရမည့် အစီအစဉ်များ ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန က ထုတ်လုပ်ထားသည့် ရေဆင်း စပ်မျိုးနေကြာ-၁ နှင့် ဆင်းရွှေကြာ -၂ နေကြာမိဘလိုင်းများ ဆောင်ရွက်ထားရှိမှု ၊ စပ်မျိုး (F1) မျိုးစေ့ ထုတ်လုပ်နိုင်မည့်အခြေအနေနှင့် ဆင်းရွှေကြာ-၂ မျိုးသန့်ပွားများမှုနှင့်  ဖြန့်ဖြူးပြီးစီးမှု၊ စိုက်ပျိုးရေးဦးစီးဌာန မျိုးသန့်ခြံများ မှ နေကြာမျိုးများ ဖြန့်ဖြူးပေးမည့် အစီအစဉ်များ ၊ မျိုးစေ့ စီးဆင်းမှုမှန်ကန်ရေးနှင့် တောင်သူများ ပူးပေါင်းပါဝင်သော နေကြာမျိုးသန့်ပွားများ ပြန့်ပွားရေး လုပ်ငန်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်