ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စာရင်းနှင့် လုပ်ငန်းဆောင်ရွက်မှုများကို ဥပဒေနှင့်အညီစစ်ဆေး၍ အစီရင်ခံတင်ပြလျက်ရှိ

နေပြည်တော် ဧပြီ ၃

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည် နိုင်ငံတော်၏ဘဏ္ဍာရန်ပုံငွေများကို ထိရောက်အကျိုးရှိစွာ စီမံခန့်ခွဲဆောင်ရွက်နိုင်ရန်အတွက် အစိုးရဌာန၊ အဖွဲ့အစည်း များ၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စာရင်းနှင့် လုပ်ငန်းဆောင်ရွက်မှုများကို ဉပဒေနှင့် အညီစစ်ဆေး၍ အစီရင်ခံတင်ပြလျက်ရှိသည့်အပြင်  တာဝန်ပေးမှုအရစစ်ဆေးခြင်း များကိုလည်း  အချိန်နှင့်တစ်ပြေးညီဆောင်ရွက် တင်ပြလျက်ရှိပါကြောင်း ယနေ့ နံနက်ပိုင်းက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည့် ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံး ညွှန်ကြား ရေးမှူးများ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ (၁/၂၀၂၄)တွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး က ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်က ထိုသို့ဆောင်ရွက်ရာတွင် ခွင့်ပြု ဘဏ္ဍာရန်ပုံငွေများကို လေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ နိုင်ငံတော်နစ်နာဆုံးရှုံးမှုမရှိစေရေး နှင့် တာဝန်ယူမှု၊ တာဝန်ခံမှု ခိုင်မာအားကောင်းစေရေးတို့အတွက် ကျင့်ဝတ်များနှင့် အညီ စစ်ဆေးထိန်းကျောင်းပေးရန်လိုအပ်ပါကြောင်း၊ ထို့ပြင် အရည်အသွေးပြည့်ဝ သည့် အစီရင်ခံစာများ အချိန်မီထုတ်ပြန်နိုင်ရေး၊  ချမှတ်ထားသည့် မဟာဗျူဟာ ရည်မှန်းချက်များ ပြည့်ဝရရှိစေရေးအတွက်လည်း စိစစ် ကြီးကြပ်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ဝန်ထမ်းများ၏ ကျွမ်းကျင်မှုနှင့် အရည်အချင်းပြည့်ဝမှုသည် အလွန်အရေးကြီးပါကြောင်း၊ သို့ပါ၍ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုံးချုပ်နှင့်တိုင်းဒေသကြီး/ပြည်နယ် စာရင်း စစ်ချုပ်ရုံးများ ပူးပေါင်း၍ ဝန်ထမ်းလေ့ကျင့်သင်ကြားရေးအစီအစဉ်များကို ဆောင်ရွက်ခြင်းသာမက လုပ်ငန်းခွင်တွင် အသုံးချဆောင်ရွက်တတ်စေရန် လက်တွေ့နှင့်ပေါင်း စပ်သင်ကြားပေးခြင်း၊ စီမံကြီးကြပ်ပေးခြင်း၊ အသိပညာမျှဝေ ပေးခြင်းတို့ဖြင့် အရည်အသွေးပြည့်ဝသည့် ထူးချွန်ဝန်ထမ်းကောင်းများဖြစ်စေရေး ဝိုင်းဝန်းပြုစုပျိုးထောင်ပေးရန် လိုအပ်ပါကြောင်း ပြောကြားသည်။ 

ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ကရင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ် စာရင်းစစ်ချုပ်ရုံးနှင့် နေပြည်တော်စာရင်းစစ်ရုံး ညွှန်ကြားရေးမှူးများက စစ်ဆေးခြင်း ဆိုင်ရာ၊ ဝန်ထမ်းပိုင်းနှင့်လေ့ကျင့်သင်ကြားခြင်းဆိုင်ရာ၊ ဝန်ထမ်းသက်သာချောင်ချိ ရေး ဆောင်ရွက်မှုဆိုင်ရာများ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို တင်ပြဆွေးနွေးကြသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ဒုတိယနေ့ကို ဧပြီ ၄ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများက နဝရတ်ခန်းမမှလည်းကောင်း၊ ချင်းပြည်နယ်စာရင်း စစ်ချုပ်ရုံး ညွှန်ကြားရေးမှူးက  Online ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်