ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ (၃၂)သင်းအဆင့်ပွဲစဉ်တွေထဲက ဇွန် ၃၀ ရက်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်တွေမှာ ဘရာဇီးအသင်းက နိုင်ပွဲရရှိခဲ့ပြီး (၁၆)သင်းအဆင့် တက်လှမ်းနိုင်ခဲ့ပေမယ့် ဂျာမနီအသင်းနဲ့ နယ်သာလန်အသင်းတို့ကတော့ ရှုံးပွဲကိုယ်စီကြုံတွေ့ကာ ပြိုင်ပွဲကနေထွက်ခဲ့ရပြီ ဖြစ်ပါတယ်။

 

ဘရာဇီးအသင်းဟာ (၃၂)သင်းအဆင့်မှာ ဂျပန်အသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့ရပြီး နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိကာ ကမ္ဘာ့ဖလား(၁၆)သင်း အဆင့် တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

 

ဘရာဇီးအသင်းဟာ ကမ္ဘာ့ဖလား(၁၆)သင်းအဆင့်မှာ နော်ဝေအသင်းနဲ့ အိုင်ဗရီကို့စ်အသင်းတို့ပွဲစဉ်မှာ အနိုင်ရရှိတဲ့အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာလည်းဖြစ်ပါတယ်။

 

နာမည်ကြီးဂျာမနီအသင်းကတော့ ပါရာဂွေးအသင်းကို သာမန် ပွဲကစားချိန်အတွင်း တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာ ပါရာဂွေးအသင်းကို လေးဂိုး- သုံးဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခဲ့ရတာဖြစ်ပါတယ်။

 

ဇွန် ၃၀ ရက်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အခြားသောပွဲစဉ်တစ်ပွဲဖြစ်တဲ့ နယ်သာလန်အသင်းနဲ့ မော်ရိုကိုအသင်းတို့ပွဲစဉ်မှာလည်း သာမန် ပွဲကစားချိန်အတွင်း တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာ မော်ရိုကိုအသင်းက သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့တာကြောင့် နယ်သာလန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခဲ့ရတာ ဖြစ်ပါတယ်။

 

 ငွေကြယ်