ဘရာဇီးက အိမ်ရှင်အဖြစ်ကျင်းပမည့် ကိုပါအမေရိကဖလားပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းနှင့်အတူ မက်ဆီနှင့် အဂူရို ပါဝင်လာမည်

mdn

၂၃ မေ

 

ဘာစီလိုနာစူပါစတား တိုက်စစ်မှူး မက်ဆီနှင့်မန်စီးတီးတိုက်စစ်မှူး အဂူရိုတို့သည် ဘရာဇီးနိုင်ငံတွင် ကျင်းပမည့် ကိုပါအမေရိကဖလားပြိုင်ပွဲအတွက် အာဂျင်တီးနားအသင်းနည်းပြ စကယ်လိုနီရွေးချယ်ခဲ့ သည့် ကစား သမားစာရင်းတွင် ပါဝင်လာခဲ့ကြောင်းသိရသည်။

 

တိုက်စစ်မှူးမက်ဆီနှင့် အဂူရို တို့အပါအဝင် ပီအက်စ်ဂျီတောင်ပံကစားသမား ဒီမာရီယာလည်း အာဂျင်တီးနားအသင်းနှင့်အတူ ပါဝင်လာမည်ဖြစ်ပြီး တိုက်စစ်မှူး ဟီဂူအင်မှာမူ အာဂျင်တီးနား အသင်းနည်းပြ ရွေးချယ်ထားခဲ့သည့် ကစားသမား ၂၃ ဦးစာရင်းတွင်ပါဝင်လာခဲ့ခြင်းမရှိခဲ့ပေ။ ဟီဂူအင်သည် ဂျူဗင်တပ်အသင်းမှ ပရီမီယာလိဂ်ကလပ် ချယ်လ်ဆီးအသင်းသို့ အငှားဖြင့် သွားရောက်ကစားနေသူလည်းဖြစ်သည်။

 

ယခုကဲ့သို့ ကစားသမား ၂၃ ဦးစာရင်းကို ရွေးချယ်ခဲ့ပြီးနောက် နည်းပြ စကယ်လိုနီက “နိုင်ငံအသင်းအတွက်အရေးပါတဲ့အချိန်ဖြစ်လို့ အကောင်းဆုံးကစားသမားတွေကိုပဲ ရွေးချယ်ထားပါ တယ်”ဟု ပြောကြားခဲ့သည်။

 

အာဂျင်တီးနားအသင်းသည် ကိုပါအမေရိကဖလား အုပ်စုအဆင့်တွင် အုပ်စု(B) ၌ ကိုလံဘီယာ အသင်း၊ ပါရာဂွေးအသင်းနှင့် ဧည့်သည်အသင်းဖြစ်သည့် ကာတာ အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိကြောင်း သိရသည်။ ကာတာအသင်းသည် ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ်ကျင်းပမည့်အသင်းဖြစ်ပြီး လက်ရှိတွင် အာရှချန်ပီယံအသင်း လည်းဖြစ်သည်။

 

မက်ဆီသည် ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပခဲ့သည့် ၂၀၁၈ က္ဘာ့ဖလားပြိုင်ပွဲပြီးနောက် အာဂျင်တီးနား အသင်းနှင့်အတူ ရှစ်ပွဲအထိ ပါဝင်ကစားခဲ့ခြင်းမရှိဘဲကိုပါအမေရိကဖလားတွင် အာဂျင်တီးနားအသင်းနှင့်အတူပါဝင်လာမည်ဖြစ်ကာ ယင်းပြိုင်ပွဲကျင်းပချိန်တွင်မက်ဆီ၏ အသက် (၃၂)နှစ် ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

 

ဒီမာရီယာနှင့် မက်ဆီတို့သည် ကမ္ဘာ့ဖလားပြိုင်ပွဲပြီးနောက် မတ်လအတွင်းက ဗင်နီဇွဲလားအသင်း၊ မော်ရိုကိုအသင်းတို့နှင့် ကစားခဲ့သည့် ချစ်ကြည်ရေးခြေစမ်းပွဲစဉ်တွင် ပါဝင်ကစားခဲ့သော်လည်း အဂူရိုမှာမူ ရုရှားမြေတွင် ပြင်သစ်အသင်းကို လေးဂိုး-သုံးဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်နောက်ပိုင်း အာဂျင်တီးနားအသင်းနှင့်အတူ ပါဝင်ကစားခဲ့ခြင်း မရှိခဲ့ပေ။

 

အာဂျင်တီးနားအသင်းသည် နိုင်ငံတကာပွဲစဉ်များတွင် ကိုပါအမေရိကဖလားပြိုင်ပွဲတွင်သာ ဖလားရရှိထား ခဲ့သည့်အသင်းဖြစ်ပြီး ၁၉၉၃ ခုနှစ်နောက်ပိုင်း မည်သည့်နိုင်ငံတကာပွဲစဉ်မှ ဆုဖလား ရယူနိုင်ခဲ့ခြင်းမရှိခဲ့သည့်အသင်းဖြစ်သည်။

 

ငွေကြယ်