ဘရာဇီးလ်ပါဝင်မည့် တရုတ်လေးနိုင်ငံ အမျိုးသမီးဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာအသင်း ယှဉ်ပြိုင်မည်

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ကမ္ဘာ့ဘောလုံးအင်အားကြီး ဘရာဇီးလ်အသင်း ပါဝင်ယှဉ်ပြိုင်မည့် တရုတ်လေးနိုင်ငံ ဖိတ်ခေါ်အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

 

တရုတ်ဘောလုံးအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာအမျိုးသမီးအသင်းအား ဖိတ်ကြားခဲ့ရာ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က လက်ခံခဲ့ခြင်း ဖြစ်သည်။ ယင်းပြိုင်ပွဲကို နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အိမ်ရှင် တရုတ်အသင်းနှင့်အတူ ဘရာဇီးလ်၊ မြန်မာ၊ နယူးဇီလန်အသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

 

တရုတ်ဘောလုံးအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲကျင်းပမည့် ပုံစံကို ထုတ်ပြန်ခြင်းမရှိသေးဘဲ ဆီမီးဖိုင်နယ်၊ ဗိုလ်လုပွဲ၊ တတိယလုပွဲ ပုံစံဖြင့် ကျင်းပဖွယ်ရှိနေသည်။

 

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဖိလစ်ပိုင် ဆီးဂိမ်းပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ဘရာဇီးလ်လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ကစားခွင့်ရဖွယ်ရှိသောကြောင့် အတွေ့အကြုံ ကောင်းများစွာ ရယူနိုင်ဖွယ်ရှိနေသည်။

 

မြန်မာအမျိုးသမီးအသင်းသည် ယင်းပြိုင်ပွဲအပြီးတွင် ခြေစမ်းပွဲများ ထပ်မံကစားမည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် ဆီးဂိမ်းပြိုင်ပွဲအတွက် ပဏာမကစားသမား ၃၆ ဦးဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိပြီး ပြည်တွင်းခြေစမ်းပွဲများ ကစားကာ ကစားသမားများ ရွေးချယ်လျက်ရှိသည်။

 

မြန်မာအမျိုးသမီးအသင်းသည် ယခုရက်ပိုင်းအတွင်း ပဏာမကစားသမား ၃၀ ဖြင့် ပြန်လည်ဖွဲ့စည်းမည်ဖြစ်ပြီး စက်တင်ဘာ ၂၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းနှင့် ခြေစမ်းပွဲတွင် သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

 

ယင်းအသင်းကို နည်းပြချုပ်အဖြစ် ဦးဝင်းသူမိုးက ကိုင်တွယ်နေပြီး ဆီးဂိမ်းပြိုင်ပွဲပြီးပါက ၂၀၂၀ နှစ်ဆန်းပိုင်းတွင် ကျင်းပမည့် အိုလံပစ် တတိယအဆင့်ခြေစစ်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်