ဘရာဇီး၌ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် ပင်ဂွင် ၆၀၀ နီးပါး သေဆုံးလျက် တွေ့ရှိ

 

ဆော်ပေါ်လို ဩဂုတ် ၁၅

 

ဘရာဇီးနိုင်ငံ တောင်ပိုင်း၌ တစ်နာရီလျှင် ၁၀၀ ကီလိုမီတာ ကျော်ဖြင့် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် ဆန်တာကာတာရီနာ ကမ်းခြေများပေါ်တွင် ပင်ဂွင်အကောင်ရေ ၆၀၀ နီးပါး သေဆုံးနေသည်ကို တွေ့ရှိကြောင်း သိပ္ပံဆိုင်ရာ အာဏာပိုင်များက ဩဂုတ် ၁၃ ရက်တွင် ပြောသည်။

 

ဘရာဇီးနိုင်ငံ တောင်ပိုင်းနှင့် အရှေ့တောင်ပိုင်းသို့ ဖြတ်ကျော်ဝင်ရောက်လာသော အဆိုပါ အပူပိုင်း ဆိုင်ကလုန်း မုန်တိုင်းကြောင့် ဩဂုတ် ၉ ရက်နောက်ပိုင်း ကတည်းက ကမ်းခြေများပေါ်တွင် ရေနေသတ္တဝါများ မျောပါလာခဲ့ကြောင်း ဇီဝဗေဒ ပညာရှင် ဘာရီတိုက ပြောသည်။ ထို့အပြင် ပင်လယ်စင်ရော်များ၊ လိပ်များကဲ့သို့သော တိရစ္ဆာန်များကိုလည်း တွေ့ရှိရကြောင်း ၎င်းက ဆက် ပြောသည်။

 

ယေဘုယျအားဖြင့် ဆိုင်ကလုန်းမုန်တိုင်း အားပျော့သွားပြီးနောက် တိရစ္ဆာန်အများစု ပေါ်လာတတ်သော်လည်း ပင်ဂွင်များသည် အခြားသော ငှက်များကဲ့သို့ မပျံသန်းနိုင်သည့်အတွက် အားပြင်းသော လှိုင်းလုံးကြီးများမှ ရုန်းထွက် လွတ်မြောက်ရန် ပိုခက်ခဲကြောင်း တာဝန်ရှိသူများ က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

 

ဆန်တာ ကာတာရီတာတွင် လေတိုက်နှုန်းသည် ဩဂုတ် ၉ ရက်မှ ၁၂ ရက်အထိ တစ်နာရီ လျှင် ၁၀၀ ကီလိုမီတာကျော် ရှိကြောင်း သိရသည်။

 

ဆင်ဟွာ