ဘရာဇီးနိုင်ငံ ဘာဟီးရားပြည်နယ်က ရုရှားထုတ် ကိုရိုနာဗိုင်းရပ်စ် ဆေးဝါးဝယ်ယူရန် သဘောတူ

ရီယိုဒီဂျနေးရိုး    ၁၂  စက်တင်ဘာ

 

ဘရာဇီးနိုင်ငံ၏ ပြည်နယ်တစ်ခုဖြစ်သော ဘာဟီးရားအနေဖြင့် ရုရှားနိုင်ငံက ထုတ်လုပ်သော Sputink V ကိုရိုနာ ဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးပေါင်း သန်း ၅၀ ဝယ်ယူရန် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ ၎င်းဆေး၏ လက်တွေ့စမ်းသပ်မှုအဆင့်သုံးကိုလည်း ဘရာဇီးနိုင်ငံတွင် ဆောင်ရွက်ရန်လည်း ထပ်မံသဘောတူညီခဲ့ကြောင်း သိရသည်။

 

၎င်းဆေးကို မော်စကိုဂယ်လီရာ သုတေသန အင်စတီကျုက ထုတ်လုပ်ပြီး ရုရှားနိုင်ငံ၏ တိုက်ရိုက်ရင်းနှီး မြှုပ်နှံမှု ရန်ပုံငွေဖြင့် ဈေးကွက်အတွင်းသို့ ဖြန့်ချိမည်ဖြစ်သည်။ ၎င်းသုတေသန အင်စတီကျုအနေဖြင့် Sputink V ဆေးဝါးကို ဘရာဇီးနိုင်ငံ၏ အခြားပြည်နယ်တစ်ခုဖြစ်သော ပရာနာတွင်လည်း လက်တွေ့စမ်းသပ်မှုပြုလုပ်ပြီး ထုတ်လုပ်ရန် ပြီးခဲ့သောလက သဘောတူညီခဲ့သည်။ ဘရာဇီး ကျန်းမာရေးလုပ်ငန်း အေဂျင်စီက ၎င်းဆေးဝါး စမ်းသပ်ရန် အတည်ပြုပြီးသည်နှင့် တစ်ပြိုင်နက် ဘာဟီးရားပြည်နယ်အနေဖြင့် ဆေးအလုံးပေါင်း ၅၀၀ ကို လက်ခံရရှိမည်ဖြစ်သည်။

 

၎င်းဆေးဝါးများအား သယ်ယူပို့ ဆောင်မည့်ကိစ္စများကို နိုဝင်ဘာလတွင် စတင်ဆောင်ရွက်နိုင်မည်ဟု သိရသည်။

 

ကိုးကား-စီအင်န်အေ

ဘာသာပြန်-စိုးသူရ