ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့၌ကလေးငယ် ၁၈ ရာခိုင်နှုန်းကျော် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ

ဆော်ပေါ်လို ၁၈ စက်တင်ဘာ

ဘရာဇီးနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သည့် ဆော်ပေါ်လို၌ ကလေးငယ် ၁၈ ရာခိုင်နှုန်းကျော်သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဆော်ပေါ်လိုမြို့သည် ယခုလအစောပိုင်းက ပုဂ္ဂလိက ကျောင်းများသို့ တက်ရောက်နေသည့် အသက်(၄)နှစ်မှ (၁၄)နှစ်အကြားရှိ ကလေးငယ် ၂၀၀၀ ခန့်ကို သွေးနမူနာ စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ယင်းကလေးငယ် ၂၀၀၀ အနက် မှ ၁၈ ဒသမ ၄ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါကူးစက် ခံရမှု တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် ကလေးငယ်များထဲမှ ၆၆ ရာခိုင်နှုန်းသည် ဖျားခြင်း သို့မဟုတ် ချောင်းဆိုးခြင်းကဲ့သို့သော လက္ခဏာမပြကြောင်းလည်း သိရသည်။ ထို့ပြင် ဆင်းရဲနွမ်းပါးသော ဒေသများရှိ ကျောင်းများတွင် တက်ရောက်နေသော ကလေးငယ် အများစုအကြားတွင် ကူးစက်မှုပိုမိုများပြားကြောင်း သိရသည်။

ဆော်ပေါ်လိုဒေသခံအာဏာပိုင် အဖွဲ့အစည်းများ သည် မေလလယ်ကတည်းက ကျောင်းများကို ပိတ်ထား ခဲ့ခြင်းဖြစ်သည့်အတွက် လာမည့်လမှစတင်ကာ ကျောင်းများကို ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ခဲ့သော်လည်း နိုဝင်ဘာလ သို့မဟုတ် ယင်းလနောက်ပိုင်းမှသာ ကျောင်းများကို ပြန်လည်ဖွင့်လှစ်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ဘရာဇီးနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ သူစုစုပေါင်း ၄ ဒသမ ၄ သန်းဖြင့် ကမ္ဘာတစ်ဝန်းကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုတွင် တတိယမြောက်အများဆုံးနိုင်ငံ ဖြစ်သည်။ ဘရာဇီးနိုင်ငံ၌ မကြာသေးသည့် ရက်ပိုင်း အတွင်းက နေ့စဉ်ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေ အတွက် လျော့ကျခဲ့သော်လည်း နေ့စဉ်ကူးစက်သူ အရေအတွက်သည် ၃၀၀၀၀ နှင့် ၄၀၀၀၀ အကြားတွင် ရှိနေဆဲ ဖြစ်ကြောင်းသိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ၊ ဘာသာပြန်-အလင်းသစ်