ဘရာဇီးနိုင်ငံ ပက်ထရိုပိုလီစ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် ရေကြီး၊ မြေပြိုမှုများဖြစ်ပွားပြီး သေဆုံးသူ ၁၈၅ ဦးအထိ ရှိလာ

ရီယိုဒီဂျနေးရိုး ဖေဖော်ဝါရီ ၂၄

 

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုး မြောက်ဘက်ရှိ ပက်ထရိုပိုလီစ်မြို့ တွင် မှတ်တမ်းတင်ရလောက်အောင် မိုးအကြီးအကျယ် ရွာသွန်းခဲ့သောကြောင့် ရေကြီး၊ မြေပြိုမှုများ ဖြစ်ပွားပြီး သေဆုံးသူ ၁၈၅ ဦးအထိ ရှိလာခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ဖေဖော်ဝါရီ ၂၂ ရက်က ပြောကြား လိုက်သည်။

 

မိုးသည်းထန်စွာ ရွာသွန်းမှုများနှင့် မြေပြိုမှုများ ဆက်လက် ဖြစ်ပေါ်နေသောကြောင့် ကယ်ဆယ်ရေးသမား ၄၀၀ ကျော် ကယ်ဆယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းထားရကြောင်းနှင့် လူ ၈၅ ဦး ထပ်မံ ပျောက်ဆုံးလျက်ရှိကြောင်း ရီယိုဒီ ဂျနေးရိုးပြည်နယ် မီးသတ်ဌာန က ပြောကြားလိုက်သည်။ ။

 

ရီယိုဒီဂျနေးရိုး အုပ်ချုပ်ရေးမှူး ကလော်ဒီယိုက်စ်ထရိုက၊ ဖေဖော်ဝါရီ ၁၅ ရက်သည် ၁၉၃၂ ခုနှစ်မှစကာ မိုးအသည်းထန်ဆုံး ရွာသွန်းခဲ့သော နေ့တစ်နေ့အဖြစ် တွေ့မြင်ခဲ့ကြောင်း ပြောကြား လိုက်သည်။ စီးပွားရေး လုပ်ငန်း များကို ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြန်လည် ဖွင့်လှစ်ခဲ့သော်လည်း ပြည်သူများသည် ၎င်းတို့၏နေအိမ်များကို ဆက်လက် ရှင်းလင်းလျက်ရှိသည်။ ထို့အတူ သမိုင်းဝင် အဆောက်အအုံများနှင့် မြို့တော်ဒေသများကိုလည်း ရှင်းလင်းမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

 

မြေကြီးများနှင့် အပျက်အစီး တန် ၆၂၀ ခန့်ကို ဖယ်ရှားရှင်းလင်းပြီးဖြစ်ကြောင်း အညစ်အကြေးနှင့် စွန့်ပစ်ပစ္စည်း သိမ်းဆည်းရေးကုမ္ပဏီက ပြောကြားသည်။

 

ဆင်ဟွာ