ဘရာဇီးနိုင်ငံ ရေကြီး၊ မြေပြိုမှုကြောင့် လူ ၇၈ ဦး သေဆုံး

ဖေဖော်ဝါရီ ၁၇

 

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးပြည်နယ်တွင် ရေကြီးမှုနှင့်မြေပြိုမှုဖြစ်ပွားသဖြင့် ကလေး ခြောက်ဦးအပါအဝင် ၇၈ ဦးအထိ သေဆုံးခဲ့သည်ဟု ဒေသန္တရအာဏာပိုင်များက ယမန်နေ့က ပြောသည်။

 

ယင်းဖြစ်ရပ်သည် ၁၉၃၂ ခုနှစ်နောက်ပိုင်းတွင် အဆိုးရွားဆုံးမိုးရွားသွန်းမှုဖြစ်ကြောင်း ထိုပြည်နယ် အုပ်ချုပ်ရေးမှူးက သတင်းထောက်များကို ပြောကြားသည်။

 

ရီယိုဒီဂျနေးရိုးမြို့၏ မြောက်ဘက် ၆၈ ကီလိုမီတာအကွာရှိ တောင်ထူထပ်သောမြို့တွင် ဖေဖော်ဝါရီ ၁၅ ရက်က မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မြေပြိုမှု ၅၀ ကျော် ဖြစ်ပွားခဲ့သည်။

 

အဆိုပါမိုးရွာသွန်းမှုတွင် ၂၁ ဦးကယ်ဆယ်နိုင်ခဲ့ပြီး ပျောက်ဆုံးနေသူများကို မသိရှိရသေးကြောင်း အစောပိုင်းသတင်းစာရှင်းလင်းပွဲတစ်ခုတွင် မြို့ပြကာကွယ်ရေးဝန်ကြီး ဂီလ်ကမ်ပါက ပြောသည်။

 

ဘရာဇီးနိုင်ငံအရှေ့တောင်ပိုင်း တောင်ထူထပ်သောမြို့တွင် ဖေဖော်ဝါရီ ၁၇နှင့် ၁၈ ရက် မိုးအကြီးအကျယ်ရွာသွန်းမှုအတွက် ရာသီဉတုသတိပေးချက် ရှိခဲ့သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို