ဘရာဇီးနိုင်ငံအရှေ့မြောက်ပိုင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွား၊ ၃၇ ဦး အနည်းဆုံးသေဆုံး

ရီယိုဒီဂျနေးရိုး မေ ၃၀

 

ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်း ၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ ၃၇ ဦး အနည်းဆုံး သေဆုံးပြီး ၅၀၀၀ ခန့်အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း အာဏာပိုင်များက ဆိုသည်။

 

နိုင်ငံ၏ အရှေ့မြောက်ပိုင်း ပြည်နယ် ပါနမ်ဘူကိုမြို့တော် ရီဆဖ်သည် ရေကြီးမှုဒဏ်ကို အဆိုးရွားဆုံးခံစားရပြီး ၃၅ ဦး သေဆုံးကာ ဒေသခံ ၁၀၀၀ ခန့်သည် နေရပ်စွန့်ခွာနေရကြောင်း သိရသည်။

 

အာလာဂိုစ် ပြည်နယ်တွင် ရေကြီးရေလျှံမှုကြောင့် နှစ်ဦးသေဆုံးပြီး ဒေသခံပြည်သူ ၄၀၀၀ ကျော်အား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးထားရသည်။

 

ထို့ပြင် ရေကြီးရေလျှံမှု၏ နောက်ဆက်တွဲဆိုးကျိုးဖြစ်သော မြေပြိုမှုများကြောင့် ရီဆဖ် ပြည်နယ်၌ ၂၀ သေဆုံးခဲ့ပြီး  ကာမရာဂီပြည်နယ်၌ ခြောက်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

ရီဆဖ်ပြည်နယ်၌ မိုးရေချိန် ၁၅၀ မီလီမီတာရှိပြီး ကာမာရာဂီ ပြည်နယ်၌ မိုးရေချိန် ၁၂၉ မီလီမီတာဖြင့် မိုးရေချိန်အများဆုံး စံချိန်တင်ခဲ့သည်။

 

၂၀၂၁ ခုနှစ်အတွင်း ဘရာဇီးနိုင်ငံသည် ပူပြင်းခြောက်သွေ့မှုကို ဆိုးရွားစွာခံစားခဲ့ရပြီး အဆိုပါ နှစ်နှောင်းပိုင်းမှသာလျှင် မိုးသည်း ထန်စွာရွာသွန်းမှုများရှိလာခဲ့ကြောင်း သိရသည်။

 

ကိုးကား- စီအင်န်အေ

ဘာသာပြန်- အောင်ကျော်ကျော်