ဘရာဇီးနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုဖြစ်ပွား လူခုနစ်ဦးသေဆုံး

ဒီဇင်ဘာ ၁၃

 

ဘရာဇီးနိုင်ငံအရှေ့မြောက်ပိုင်း ဘာဟီရာပြည်နယ်တွင် မိုးသည်ထန်စွာရွာသွန်းမှုကြောင့် လူထောင်နှင့်ချီအိုးအိမ်စွန့်ခွာ ထွက်ပြေးကြပြီး ခုနစ်ဦးသေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာအရပ်ဘက် ကာကွယ်ရေး အဖွဲ့က ယမန်နေ့က ပြောကြားသည်။

 

ဘာဟီရာပြည်နယ်တောင်ပိုင်းဒေသတွင် ပြီးခဲ့သည့်သီတင်းပတ်က အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် စနေနေ့ကမိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ဒေသအချို့တွင် ရေလွှမ်းမိုးမှုဖြစ်ပွားပြီး ပစ္စည်းများပျက်စီးဆုံးရှုံးခဲ့သည်။

 

အရပ်ဘက်ကာကွယ်ရေးအဖွဲ့၏ပြောကြားချက်အရ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒေသ ၃၀ ခန့်တွင် ထိခိုက်ပျက်စီးမှုများရှိခဲ့ရာ လူထောင်နှင့်ချီအိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ပြီး ၁၇၅ ထိခိုက်ဒဏ်ရာရရှိကာ လူခုနစ်ဦးသေဆုံးခဲ့သည်ဟု သိရသည်။

 

စစ်ဘက်ဆိုင်ရာမီးသတ်သမား ၂၀၀ ကျော်သည် ရဟတ်ယာဉ်နှစ်စီးဖြင့် ယင်းဒေသများသို့ ယမန်နေ့ကသွားရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြသည်။

 

ဘရာဇီးသမ္မတ ဘော်ဆိုနာရိုနှင့် ဘာဟီရာပြည်နယ်အုပ်ချုပ်ရေးမှူး ဖယ်လ်ကာအိုတို့သည် ယမန်နေ့က ထိုဒေသသို့ သွားရောက်ခဲ့ပြီး ပြန်လည်တည်ဆောက်ရေးအတွက် ကူညီထောက်ပံ့မှုများလုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း  ပြောကြားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို