ဘရာဇီးနိုင်ငံရှိ အသက် ၅၀ နှင့်အထက်ပြည်သူများအား ကာကွယ်ဆေး ဒုတိယအကြိမ်ထပ်ဆောင်းထိုးနှံမည်

ဆော်ပေါ်လို ဇွန် ၄

 

ဘရာဇီးအစိုးရက နိုင်ငံအတွင်းရှိ အသက် ၅၀ နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယ အကြိမ် ထပ်ဆောင်းထိုးနှံပေးရန် စီစဉ်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီး မာဆယ်လိုကွာရိုဂါက ပြောကြားသည်။ အဆိုပါကာကွယ်ဆေး ဒုတိယအကြိမ် ထပ်ဆောင်းထိုးနှံမှု စတင်မည့်ရက်ကို မကြာမီထုတ်ပြန် ကြေညာသွားမည်ဖြစ်သည်။

 

ယခင်က အသက် ၆၀ နှင့် အထက် ပြည်သူများကိုသာ ကာကွယ်ဆေး ဒုတိယအကြိမ် ထပ်ဆောင်းထိုးနှံပေးရန် စီစဉ်ခဲ့သော်လည်း ယခုအချိန်တွင် အသက် ၅၀ နှင့်အထက်ပြည်သူများကိုပါ အဆိုပါအစီအစဉ်တွင် ထည့်သွင်း သွားမည်ဖြစ်ကြောင်း ဝန်ကြီး ရိုဂါက ဆိုသည်။

 

ပထမအကြိမ်ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးပြီးနောက် လေးလခန့်အကြာတွင် ကာကွယ်ဆေး ဒုတိယအကြိမ် ထပ်ဆောင်းထိုးနှံပေးရန် စီစဉ်ခြင်းဖြစ်သည်။

 

လက်ရှိတွင် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ ပြန်လည်မြင့်တက်လာပြီး သေဆုံးမှုနှင့် ဆေးရုံသို့ တက်ရောက်ကုသမှုနှုန်းများလည်း မြင့်တက်လာသည်။ ရောဂါကူးစက်မှုနှုန်းများ လျော့ကျစေရန် အလုံပိတ်အခန်းများတွင် နှာခေါင်းစည်းများ ဝတ်ဆင်ထားရန် လိုအပ်ကြောင်း ပြည်နယ်များရှိ အာဏာပိုင်များက ပြည်သူများအား တိုက်တွန်း ပြောကြားသည်။

 

လက်ရှိတွင် ပြည်သူ ၁၆၆ ဒသမ ၁ သန်း (လူဦးရေ ၇၇ ဒသမ ၄ ရာခိုင်နှုန်း)အား ကာကွယ်ဆေး အပြည့်အဝထိုးနှံပေးပြီး ဖြစ်သည်။ ယင်းတို့အနက် ၉၃ သန်းသည် ကာကွယ်ဆေး ပထမအကြိမ် ထပ်ဆောင်းထိုးနှံမှုခံယူ ပြီးဖြစ်ပြီး ၃ ဒသမ ၅ သန်းသည် ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း သိရသည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- အောင်ကျော်ကျော်