ဘရီးဇစ်အရေးနှင့်ပတ်သက်ပြီး အောင်မြင်မှုရရန် ဘောရစ်ဂျွန်ဆင်ကြိုးပမ်း

လန်ဒန် ၆ စက်တင်ဘာ

ဘရီးဇစ်အရေးနှင့်ပတ်သက်ပြီး အရေးမလှဖြစ်ပြီးနောက် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်အနေဖြင့် နိုင်ငံရေးအရ ပြန်လည်နာလန်ထူနိုင်ရန် ကြိုးပမ်းနေရကြောင်း သိရသည်။

၎င်းအနေဖြင့် ဗြိတိန် ဥရောပသမဂ္ဂမှ ထွက်ရေး၊ မထွက်ရေးနှင့်စပ်လျဉ်းပြီး စောစီးစွာ အဖြေရနိုင်ရန် ကြားဖြတ်ရွေးကောက်ပွဲကို အလျင်အမြန် ကျင်းပစေချင်သော ဆန္ဒရှိနေသည်။ ဂျွန်ဆင်သည် စကော့တလန်တွင် ၎င်းအား ၂၀၁၆ ဘရီးဇစ်ဆိုင်ရာ လူထုဆန္ဒခံယူပွဲတွင် ထောက်ခံခဲ့သူများနှင့် သောကြာနေ့က တွေ့ဆုံခဲ့သည်။

လန်ဒန်ရှိတရားရုံးချုပ်က ဂျွန်ဆင်၏ပါလီမန် ရပ်နားမည့် ဆုံးဖြတ်ချက်ကို ပယ်ချခဲ့သော်လည်း ၎င်းအနေဖြင့် အားပေးထောက်ခံမှုကို ရခဲ့သည်။ သို့သော် ၎င်းကိစ္စအား ဗဟိုတရားရုံးသို့ စက်တင်ဘာ ၁၇ ရက်တွင် အယူခံဝင်ရန်ခွင့်ပြုထားသည်။ “ကျွန်မနဲ့ ကျွန်မရဲ့ဥပဒေ အဖွဲ့အနေနဲ့ကတော့ ဒီမိုကရေစီအတွက် အရှုံးမပေးဘဲ တိုက်ပွဲဝင်သွား မှာဖြစ်ပါတယ်”လို့ အီးယူထောက်ခံသူ ဂျီနာမီလာက သတင်းထောက်များအား ပြောကြားသည်။ အထက်လွှတ်တော်တွင်လည်း ဗြိတိန် ဥရောပသမဂ္ဂမှ ထွက်ခွာရေးအား နှောင့်နှေးစေမည့် ဥပဒေတစ်ရပ်ကို ပြင်ဆင်လျက်ရှိပြီး ဂျွန်ဆင်က ထိုဥပဒေကို လက်နက်ချခြင်းဟု အမည်တပ်ခဲ့သည်။ တစ်ဖက်တွင်လည်း အတိုက်အခံပါတီများနှင့် ကွန်ဆာဗေးတစ်များက အဆိုပါဘရီးဇစ်အရေး နှောင့်နှေးစေမည့်ဥပဒေ ထွက်ပေါ်လာရန် အပြင်းအထန် ဆောင်ရွက်နေကြသည်။ “ကျွန်တော်ထင်တာကတော့ သူတို့ဟာ နိုင်ငံရေးအရ အမှားကျူးလွန်ဖို့ ကြိုးစားနေကြတာ”ဟုဂျွန်ဆင်က ပြောကြားသည်။ တတိယအကြိမ် ဘရီးဇစ်အရေးနှောင့်နှေးမှုကို မိမိလက်ခံမည် မဟုတ်ကြောင်း ဂျွန်ဆင်ကဆိုသည်။

ဂျွန်ဆင် ရာထူးမှ နုတ်ထွက်သွားစေရန် အတိုက်အခံလေဘာပါတီနှင့် ၎င်းအားထောက်ခံသော အဖွဲ့ငယ်များက နည်းလမ်းရေးဆွဲပြီး ဆောင်ရွက်နေသည်။ အောက်တိုဘာ ၁၇ ရက်တွင် ဘရပ်ဆဲလ်၌ ကျင်းပမည့် အစည်းအဝေးတွင် ဘရီးဇစ်နှင့်ပတ်သက်ပြီး သဘောတူညီချက် ရရှိမည်ဟု မိမိယုံကြည်ထားကြောင်း ဂျွန်ဆင်က ဆိုသည်။

ကိုးကား-အေအက်ဖ်ပီ

ဘာသာပြန်-စိုးသူရ