ဘရပ်ဆဲလ်တွင် ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ များလာသည့်အတွက် ကော်ဖီဆိုင်နှင့် ဘားများ တစ်လပိတ်ထားရ

၇ အောက်တိုဘာ

 

ဘယ်လ်ဂျီယံနိုင်ငံ မြို့တော်ဘရပ်ဆဲလ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူများလာတဲ့အတွက် အသွားအလာ ပိတ်ဆို့မှု (lockdown) ပြုလုပ်ဖို့ ခြေတစ်လှမ်း လှမ်းတဲ့အနေနဲ့ ကော်ဖီဆိုင်နဲ့ ဘားတွေကို တစ်လတိတိ ပိတ်ထားရန် ဒီနေ့ (ဗုဒ္ဓဟူးနေ့) မှာ အမိန့်ထုတ်ပြန်လိုက်ပါတယ်။ 

 

မြို့တော်ရှိ စားသောက်ဆိုင်တွေမှာ ဆိုင်ထိုင်စားသောက်ခွင့် ရှိပေမယ့် ဘားနဲ့ အရက်သေစာ သောက်စားနိုင်တဲ့နေရာတွေကို နိုဝင်ဘာ ၈ ရက်နေ့အထိ ပိတ်ထားရမယ်လို့ ဒေသဆိုင်ရာ အစိုးရအမိန့် ထုတ်ထားကြောင်း သိရပါတယ်။ 

 

ဘရပ်ဆဲလ်မြို့မှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုများလာကတည်းက ဒုတိယအကြိမ် အသွားအလာ ကန့်သတ်မှု ပြုလုပ်နေတာဖြစ်ပါတယ်။ ပထမအကြိမ် အသွးအလာ ကန့်သတ်စဉ်ကလည်း ဗိုင်းရပ်စ်ပိုး ကူးစက်သူ အရေအတွက် လျော့ချနိုင်တာကို တွေ့ရပါတယ်။ 

 

ဘယ်လ်ဂျီယံနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှု များလာတဲ့အတွက် တစ်နိုင်ငံလုံးရှိ ဘားတွေနဲ့ ကော်ဖီဆိုင်တွေကို ည ၁၁ နာရီတွင် ပိတ်ရန် အမိန့်ထုတ်ပြန်ခဲ့ပေမယ့် အဲဒီအမိန့်နဲ့ မလုံလောက်တဲ့အတွက် ဒေသဆိုင်ရာ အမိန့်ထပ်မံ ထုတ်ပြန်ရတာဖြစ်တယ်လို့ သိရပါတယ်။

 

လူဦးရေ ၁ ဒသမ ၂ သန်းနေထိုင်တဲ့ ဘယ်လ်ဂျီယံရဲ့ မြို့တော်ဘရပ်ဆဲလ် ဟာ အစိုးရရုံးစိုက်ရာ မြို့ဖြစ်တဲ့အပြင် NATO အဖွဲ့ နဲ့ European Union တို့ ရုံးစိုက်ရာ မြို့ဖြစ်ပါတယ်။ 

 

ပြီးခဲ့တဲ့ သီတင်းပတ်က ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ တစ်နေ့လျှင် ပျမ်းမျှအားဖြင့် ၂၅၀၀ ဦးရှိခဲ့တဲ့အတွက် ၅၇ ရာခိုင်နှုန်း တိုးလာတာကို တွေ့ရပြီး နေ့စဉ် သေဆုံး ၁၁ ဦး ကျော်ရှိခဲ့ပါတယ်။ 


ပြီးခဲ့တဲ့ သီတင်းပတ်က ဆေးရုံတွေမှာ ဆေးကုသမှုခံယူနေတဲ့ ပိုးတွေ့ရှိသူ အရေအတွက်ဟာလည်း ၂၅ ဒသမ ၇ ရာခိုင်နှုန်းထိ တိုးလာခဲ့ပါတယ်။ 

 

လူဦးရေ ၁၁ ဒသမ ၂ သန်း နေထိုင်တဲ့ ဘယ်လ်ဂျီယံနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၁၀,၀၉၂ ဦး ရှိကြောင်း သိရပါတယ်။ 

 

MDN
ကိုးကား - AFP