ဘုရင်မကြီး အယ်လိဇဘတ် -၂ နန်းစံသက် နှစ်ပေါင်း ၇၀ ကြာ အခမ်းအနားဆင်နွှဲခဲ့သော်လည်း အသက်အရွယ်အရ ဘက်ကင်ဟမ်နန်းတော်ပြင်ပ၌ ပြုလုပ်သည့် မီးထွန်းပွဲ တက်ရောက်နိုင်ခြင်းမရှိ

လန်ဒန် ဇွန် ၇

 

ဗြိတိန်နိုင်ငံ၏ နန်းသက်အရှည်ကြာဆုံးဖြစ်သည့် ဘုရင်မကြီး အယ်လိဇဘတ်-၂ က နန်းစံသက် နှစ်ပေါင်း ၇၀ ကြာ အခမ်းအနား ဆင်နွှဲပြီးနောက် တိုင်းသူပြည်သားများအတွက် တိုင်းပြုပြည်ပြု အကျိုးများကို ဆက်လက်သယ်ပိုး သွားမည်ဟု ဇွန် ၅ ရက်က ကတိပြုမိန့်ကြားသည်။

 

ဘုရင်မကြီးအဖြစ် နှစ် (၇၀) မြောက် နန်းစံခြင်း အထိမ်းအမှတ်အခမ်းအနားကို မည်သို့ကျင်းပ ရမလဲဆိုသည်နှင့် ပတ်သက်ပြီး လမ်းညွှန်စာအုပ် မရှိပါကြောင်း၊ သို့သော် မိမိရဲ့ နှစ် (၇၀) မြောက် ပလက်တီနမ်ရတုကို ဆင်နွှဲရန် လမ်းမပေါ် ရောက်ရှိလာသည့် ပြည်သူများကို လေးစားပြီး ဝမ်းသာပီတိဖြစ်ရကြောင်း လေးရက်တာ ကျင်းပသည့် အခမ်းအနားအပြီးတွင် ထုတ်ပြန်သော ကြေညာချက် တစ်စောင်၌ အသက် ၉၆ နှစ်အရွယ်ရှိဘုရင်မကြီးက ထည့်သွင်း မိန့်ကြားခဲ့ခြင်း ဖြစ်သည်။ ။

 

စစ်ရေးပြ ဂုဏ်ပြုအခမ်းအနားများ၊ ဂီတ ဖျော်ဖြေပွဲများနှင့် ယဉ်ကျေးမှုပြပွဲများအပါအဝင် လန်ဒန်မြို့ လမ်းမထက်တွင် လူထောင်ပေါင်း များစွာ စည်စည်ကားကားဖြင့် ပါဝင်ဆင်နွှဲ ခဲ့ကြသည်။ လန်ဒန်မြို့လယ်ကောင်၌ လမ်းဘေး အနုပညာများ၊ တေးဂီတများနှင့် ကာနီဗယ်ပွဲတော်များ တင်ဆက်သည့် နောက်ဆုံးနေ့ဖြစ်သော ဇွန် ၅ ရက် မွန်းလွဲပိုင်းတွင် ဘုရင်မကြီးသည်၎င်းနေထိုင် စံမြန်းရာဘက်ကင်ဟမ်နန်းတော်၏လေသာဆောင် ရှေ့သို့ ခေတ္တရောက်ရှိကာ ပြည်သူများအား နှုတ်ဆက်ခဲ့သည်။

 

သို့သော်လည်းဘုရင်မကြီးသည် အသက်အရွယ်အရ လှုပ်ရှားသွားလာရာတွင် ပြဿနာရှိနေသဖြင့် စိန့်ပေါလ် ဘုရားကျောင်း၌ ပြုလုပ်သည့် ကျေးဇူးတော်နေ့အခမ်းအနားနှင့် ဘက်ကင်ဟမ် နန်းတော်ပြင်ပ၌ ပြုလုပ်သည့် ကြယ်ပွင့်ဂီတ ဖျော်ဖြေပွဲနှင့် မီးထွန်းပွဲတော်ကို တက်ရောက်နိုင်ခြင်း မရှိခဲ့ပေ။

 

အခမ်းအနားများကို လူကိုယ်တိုင် မတက်ရောက်နိုင်သော်လည်း ပြည်သူနှင့်အတူရှိပြီး မိသားစု၏ဖေးမကူညီမှုနှင့်အတူ တိုင်းကျိုးပြည်ကျိုးကို စွမ်းနိုင်သမျှ ဆက်လက်သယ်ပိုးသွားမည်ဖြစ်ကြောင်း ဘုရင်မကြီးက မိန့်ခွန်းပြောကြားသည်။

 

ဆင်ဟွာ