ဘုရင့်နောင် ကုန်စည်ပို့ဆောင်ရေးဝင်း(ရန်ကုန်) မြေနေရာ ဈေးဆိုင်ခန်းများမှ မိမိဆန္ဒဖြင့် ပြောင်းရွှေ့ဖယ်ရှားရန် လာရောက်ဆက်သွယ်ခြင်းမရှိသည့် ဆိုင်ခန်း ၈ ခန်းအား ဥပဒေနှင့်အညီ ဖယ်ရှားသွားမည်

ကုန်းလမ်းပို့ဆောင်ရေး၊ ဘုရင့်နောင် ကုန်စည်ပို့ဆောင်ရေးဝင်း(ရန်ကုန်) မြေနေရာရှိ ငှားရမ်းစာချုပ် သက်တမ်းပြည့်ပြီး ဖယ်ရှားပေးခြင်း မရှိသည့် ဆိုင်ခန်း ၁၈ ခန်းမှ   မိမိဆန္ဒဖြင့် ပြောင်းရွှေ့ပြီး ပြောင်းရွှေ့ကရုဏာကြေးရယူရန် လာရောက်ဆက်သွယ်ခြင်း မရှိသည့် ဆိုင်ခန်း ၈ ခန်းအား ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာ(နှင်ထုတ်ခြင်း) အက်ဥပဒေနှင့်အညီ အပြီးတိုင် ဖယ်ရှားသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးဌာနမှ သိရသည်။

 

''ဆိုင်ခန်း ၁၀ ခန်းက ဒီဇင်ဘာ ၁၀ ရက်မှာ လာပြီး စာရင်းပေးသွင်းတယ်၊ သူတို့ဆန္ဒနဲ့ သူတို့ပြောင်းမယ်ပေါ့၊ လာရောက်ဆက်သွယ်သူတွေကို စီစစ်ပြီးဖြစ်တဲ့အတွက် သတ်မှတ်ရက်အတွင်း မိမိဆန္ဒနဲ့ ပြောင်းရွှေ့ဖယ်ရှားပြီးရင် ပြောင်းရွှေ့ ကရုဏာကြေး ပေးအပ်သွားမှာပါ''  ဟု  အခွင့်ရအာဏာပိုင်၊ ကုန်းလမ်းပို့ဆောင်ရေးမှ လက်ထောက်အထွေထွေမန်နေဂျာ ဦးထွန်းလင်းစိုးက ပြောသည်။ 

 

၎င်းကဆက်လက်၍ ''၁၀ ခန်းကတော့ ဂရုဏာကြေးယူမယ်၊ ပြောင်းမယ်။ ၁၃ ရက်နေ့ ညနေ ၄ နာရီခွဲမှာ သူတို့ဆန္ဒနဲ့ သူတို့နောက်ဆုံး ပြောင်းရွှေ့ရမှာဖြစ်ပါတယ်၊ မိမိဆန္ဒအရ ပြောင်းရွှေ့ဖယ်ရှားပြီး ပြောင်းရွှေ့ ကရုဏာကြေး ရယူလိုခြင်းမရှိတဲ့ ဆိုင်ခန်း ၈ ခန်းကို ၁၆ ရက်နေ့မှာ ၁၉၅၅ အစိုးရ အိ်မ်ဥပစာ နှင်ထုတ်ခြင်းဥပဒေနဲ့အညီ  ဖယ်ရှားသွားမယ်''  ဟု ပြောသည်။

 

အဆိုပါ ဆိုင်ခန်းများသည် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် ဘုရင့်နောင်လမ်းမကြီးနှင့် အုတ်ကျင်းဘူတာရုံ လမ်းထောင့်ရှိ ကုန်စည်ပို့ဆောင်ရေးဌာနခွဲ(ရန်ကုန်)ရှိ နိုင်ငံပိုင်မြေနေရာတွင် ဆောက်လုပ်ထားသည့် ဆိုင်ခန်းများဖြစ်ပြီး ဒီဇင်ဘာ ၈ ရက်က ဆိုင်ခန်းမြေနေရာငှားရမ်းသူများနှင့် ခေါ်ယူတွေ့ဆုံ ညှိနှိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဆိုင်ခန်းမြေနေရာအား ၁၉၉၅ ခုနှစ်မှစတင်၍ ဌာနဝင်ငွေ ရှာဖွေသည့်အနေဖြင့် ဌာနပိုင်မြေ အုတ်ကျင်းဘူတာရုံလမ်း မျက်နှာစာဘက်အခြမ်းတွင် ဆိုင်ခန်းများ ဆောက်လုပ်ရန် မြေနေရာငှားရမ်းခဲ့ပြီး တစ်နှစ်တစ်ကြိမ် စာချုပ်ချုပ်ဆို ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ စာချုပ်ချုပ်ဆိုစဉ်အခါက ဌာနနှင့် ဆိုင်ခန်းမြေ နေရာငှားရမ်းသူများချုပ်ဆိုသော နှစ်ဦးသဘောတူ ကတိပြုစာချုပ် အပိုဒ်-၁(ည)တွင် နိုင်ငံတော်က လည်းကောင်း၊ ကုန်းလမ်းပို့ဆောင်ရေး (ရုံးချုပ်) ကလည်းကောင်း၊ ဌာနကလည်းကောင်း၊ လုပ်ငန်းလိုအပ်ချက်အရ မြေနေရာ၊ အဆောက်အအုံအား ပြန်လည်ရယူလိုပါက (၁)လ ကြိုတင်အကြောင်းကြားမည်ဖြစ်ပြီး နိုင်ငံတော်သို့ ပြန်လည်ပေးအပ်ရမည်ဟု ဖော်ပြပါရှိသည့်အတွက် မြေနေရာငှားရမ်းသူများအား ၂ဝ၁၁ ခုနှစ်ကတည်းက ဖယ်ရှားရန် ကြိုတင်အကြောင်းကြားစာများ ပေးပို့ခဲ့ပြီးဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။ 

 

ထို့သို့ ဆိုင်ခန်းများအား ဖယ်ရှားမည်ဖြစ်သည့်အတွက် လစဉ်ကောက်ခံသည့် ငှားရမ်းခများကိုလည်း ၂ဝ၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကာ ကောက်ခံခြင်းမပြုတော့ကြောင်း သိရသည်။ 

 

အဆိုပါ ကုန်စည်ပို့ဆောင်ရေးဌာနခွဲ(ရန်ကုန်)၊ ဘုရင့်နောင်ကုန်စည်ပို့ဆောင် ရေးဝင်းမြေပေါ်တွင် ကုန်းလမ်းပို့ဆောင်ရေးနှင့် Sunchang Global Pte Ltd တို့ အကျိုးတူ ပူးပေါင်း၍ Myanmar Sunchang Transport Co.,Ltd (ဖက်စပ်)ကုမ္ပဏီအဖြစ် လုပ်ငန်းဆောင်ရွက်မည့် စီမံကိန်းမြေနေရာဖြစ်ကြောင်း သိရသည်။ 

 

(မင်းသစ်-MNA)