ဘူမိဥယျာဉ်ဆိုင်ရာ လုပ်ငန်းကော်မတီ (၁/၂၀၂၄) အစည်းအဝေးကျင်းပ

နေပြည်တော် မေ ၃၁

 

ဘူမိဥယျာဉ်ဆိုင်ရာလုပ်ငန်းကော်မတီ (၁/ ၂၀၂၄) အစည်းအဝေးကို မေ ၃၁ ရက် နံနက်ပိုင်းကက သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်ခန်းမ၌ ကျင်းပရာ ဘူမိဥယျာဉ်လုပ်ငန်း ကော်မတီဥက္ကဋ္ဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ ကော်မတီအဖွဲ့ဝင် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသောအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တက္ကသိုလ်များမှ ပါမောက္ခချုပ်များက Virtual စနစ်ဖြင့် တက်ရောက်ကြသည်။

 

ဦးစွာ ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက “မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားဘူမိဥယျာဉ်အဖြစ် သတ်မှတ်ပြီးဖြစ်သော  ပုပ္ပါးတောင် အမျိုးသားဘူမိဥယျာဉ်ကို ကမ္ဘာ့ဘူမိဥယျာဉ်အဖြစ် သတ်မှတ်ခံရရေး ဆောင်ရွက်မည့်  ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းအစီအစဉ်များ၊ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး တက်ရောက်လာသူများက ဝိုင်းဝန်းတင်ပြ ဆွေးနွေးဆုံးဖြတ်နိုင်ရန်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ကမ္ဘာ့ဘူမိဥယျာဉ်အဖြစ် သတ်မှတ်ခံရရေး အလားအလာကောင်းများရှိသည့် နေရာအများအပြားရှိသည့်အနက် ပုပ္ပားတောင်ဒေသသည် အလားအလာအကောင်းဆုံး ဖြစ်သည့်အတွက် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်တွင် ပုပ္ပားတောင်ဒေသကို မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားအဆင့် ဘူမိဥယျာဉ်အဖြစ် ဘူမိနယ်မြေ ၁၅ ခုဖြင့် ပါဝင်ဖွဲ့စည်းထားသည့် ‘ပုပ္ပားတောင် အမျိုးသား ဘူမိဥယျာဉ်’ကို သတ်မှတ်ကြေညာနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ကမ္ဘာ့ဘူမိဥယျာဉ်အဖြစ် သတ်မှတ်ခံရရေးအတွက် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စု ငွေလုံးငွေရင်းမှ ရန်ပုံငွေခွင့်ပြုချက်ဖြင့် ဆောင်ရွက်လျက်ရှိ ကြောင်း။

 

ကမ္ဘာ့ဘူမိဥယျာဉ်သတ်မှတ်ခံရရေးအတွက် UNESCO သို့ စာရင်းတင်သွင်းရာတွင် သဘော သဘာဝ မတူညီသော ဘူမိနယ်မြေများ လေပိုကောင်းလေဖြစ်သောကြောင့် နောက်ထပ် ဘူမိနယ်မြေအသစ်များကို ဆက်လက်ဖော်ထုတ်ရမည်ဖြစ်ကြောင်း၊ ပုပ္ပားတောင်ဒေသအတွင်း အဆိုပြုဘူမိနယ်မြေ ၁၄ ခုကိုလည်း အတည်ပြု သတ်မှတ်ခံရရေး ဆောင်ရွက်ရာတွင် ဆက်စပ်ဝန်ကြီးဌာနနှင့် ဒေသခံပြည်သူများ၏ သဘောတူညီချက်များရရှိရေးအတွက် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက် ပေးစေလိုကြောင်း၊၊

 

ကမ္ဘာ့ဘူမိဥယျာဉ် (UNESCO Global Geopark) အဖြစ် သတ်မှတ်နိုင်ပါက နိုင်ငံ၏ ထူးခြားထင်ရှားသော သဘာဝအမွေအနှစ် ထိန်းသိမ်းကာကွယ်ရာတွင် အထောက်အကူပြုနိုင်ရုံသာမက မြန်မာနိုင်ငံ၏ သဘာဝသယံဇာတကြွယ်ဝမှုနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ကမ္ဘာ့နိုင်ငံအသီးသီးမှ ပိုမိုသိရှိလာစေနိုင်ကြောင်း၊ သဘာဝအလှတရား၊ ဇီဝမျိုးစုံမျိုးကွဲ၊ ရှေးဟောင်းအမွေအနှစ်၊ ယဉ်ကျေးမှုသမိုင်းစသည့် တန်ဖိုးကြီးမားပြီး အဖိုးမဖြတ်နိုင်သည့် အမွေအနှစ်များကို ဘူမိဥယျာဉ်တွင် တစ်စုတစ်စည်းတည်း တွေ့ရှိနိုင်မည်ဖြစ်သည့်အတွက် ကမ္ဘာ့အဆင့်ဘူမိဥယျာဉ် သတ်မှတ်ခံရရေး စီမံခန့်ခွဲရေးနှင့်သက်ဆိုင်သော ဌာနအဖွဲ့အစည်းများ၊ ပညာရပ်နှင့်သုတေသနဆိုင်ရာ အဖွဲ့အစည်းများ အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်နှင့် ကော်မတီဝင်အဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းဆုံးဖြတ်ချက်ချမှတ် အကောင်အထည် ဖော်ဆောင်ရွက်သွားရန်” မှာကြားသည်။

 

ထို့နောက် ဘူမိဥယျာဉ်လုပ်ငန်းကော်မတီ အတွင်းရေးမှူး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးက သစ်တောမြေပြင်ပရှိ ဘူမိနယ်မြေ ၁၄ ခုနှင့် ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ရန်ပုံငွေသုံးစွဲဆောင်ရွက်မည့်  အစီအစဉ်များကို လည်းကောင်း၊ ကော်မတီအဖွဲ့ဝင် ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသက်ညွန့်တင်က ကမ္ဘာ့ဘူမိဥယျာဉ် (UNESCO Global Geopark) Cheeklist ပါ အချက်များနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများက အကြံပြုဆွေးနွေးကြကာ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်