ဘူရွန်ဒီသမ္မတဟောင်းဘူယိုယာ ကိုဗစ်-၁၉ ရောဂါဖြင့် ပြင်သစ်နိုင်ငံ၌ ကွယ်လွန်

နိုင်ရိုဘီ ၊ ၁၈ ဒီဇင်ဘာ

ဘူရွန်ဒီသမ္မတဟောင်း ပီယာရီဘူယိုယာသည် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါဖြင့် ပြင်သစ်နိုင်ငံ၏ မြို့တော် ပါရီမြို့တွင် ကွယ်လွန်သွားကြောင်း သမ္မတနှင့် နီးစပ်သောဆွေမျိုးများက ယနေ့ပြောကြားသည်။

“အသက် ၇၁ နှစ်အရွယ်ရှိတဲ့ ဘူရွန်ဒီနိုင်ငံရဲ့ သမ္မတဟောင်းပီယာရီဘူယိုယာဟာ ကိုဗစ်-၁၉ ရောဂါနဲ့ ပါရီ မြို့မှာပဲ ယမန်နေ့ညက ကွယ်လွန်သွားတာပါ” ဟု အမည်မဖော်လိုသူ မိသားစုဝင်တစ်ဦးက အေအက်ဖ်ပီ သတင်းဌာနသို့ပြောကြားသည်။ ထို့အပြင် ဘူယိုယာကွယ်လွန်မှုနှင့် ပတ်သက်၍ အခြားဆွေမျိုး အများအပြား ကလည်း အတည်ပြုခဲ့ကြောင်း သိရသည်။

ဘူယိုယာသည် အာဖရိကသမဂ္ဂ၏ မာလီနိုင်ငံနှင့် ဆဟယ်လ်ဒေသဆိုင်ရာ အထူးသံတမန်အဖြစ် ၂၀၁၂ ခုနှစ်မှ ယခုနှစ် နိုဝင်ဘာလအထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ဘူယိုယာသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ပြီးနောက်  ပြီးခဲ့သည့်သီတင်းပတ် ဗုဒ္ဓဟူးနေ့က မာလီနိုင်ငံမြို့တော် ဘမာကိုမြို့၌ ဆေးရုံတင်ခဲ့ရပြီး အသက်ရှူ အထောက်အကူပြုကိရိယာဖြင့် တပ်ဆင်ထားကြောင်း သိရသည်။

သို့သော် ဘူယိုယာမှာ ကျန်းမာရေးအခြေအနေ တိုးတက်ပြောင်းလဲမှုမရှိသည့်အတွက် ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းက ပြင်သစ်နိုင်ငံမြို့တော် ပါရီမြို့ရှိ ဆေးရုံတစ်ရုံသို့ လွဲှပြောင်းခြင်းခံရပြီး ယင်းနေ့ညနေပိုင်းတွင် ပါရီမြို့သို့ရောက်ရှိကာ လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်နေစဉ် ခရီးလမ်းပေါ်တွင် ကွယ်လွန်သွားကြောင်း သိရသည်။ 

တုသ်စစ်တိုင်းရင်းသားတစ်ဦးဖြစ်သူ ဘူယိုယာသည် ၁၉၈၇ ခုနှစ်က အာဏာသိမ်းပြီး အာဖရိက၏ အသေးငယ် ဆုံးကုန်းပိတ်နိုင်ငံဖြစ်သည့် ဘူရွန်ဒီနိုင်ငံတွင် ပထမဦးစွာ အာဏာရရှိလာခဲ့သည်။ သို့သော် ဘူရွန်ဒီနိုင်ငံ၌ ၁၉၉၃ ခုနှစ်က ပထမအကြိမ် ကျင်းပပြုလုပ်သော ဒီမိုကရက်တစ်ရွေးကောက်ပွဲများတွင် မယ်လ်ချီယို အင်န်ဒါဒါယီက အနိုင်ရရှိခဲ့ပြီးနောက် ရာထူးတာဝန်မှ နှုတ်ထွက်ခဲ့ကြောင်း သိရသည်။

သို့သော်လည်း အင်န်ဒါဒါသည် သမ္မတတာဝန် ထမ်းဆောင်ခဲ့ပြီးနောက် လေးလခန့်အကြာတွင် လူနည်းစု တုသ်စစ်တိုင်းရင်းသားစစ်သားများ၏ လုပ်ကြံသတ်ဖြတ်ခြင်းကိုခံခဲ့ရာ လူများစုဟူတုစ်နှင့် လူနည်းစုတုသ်စစ် တိုင်းရင်းသားများအကြား တင်းမာမှုများဖြစ်ပွားခဲ့သည်။ ယင်းတင်းမာမှုများကြောင့် ဘူရွန်ဒီနိုင်ငံသည် နှစ်နှင့်ချီ ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်နွံထဲ နစ်မြုပ်ခဲ့ကြောင်း သိရသည်။ 

ထို့အပြင် ဘူယိုယာသည် နောက်တစ်ကြိမ် အာဏာသိမ်းပိုက်ပြီး နိုင်ငံတော်ကို ၁၉၉၆ မှ ၂၀၀၃ ခုနှစ်အထိ အုပ်ချုပ်ခဲ့သည်။ သို့သော် ဘူယိုယာသည် ပြည်တွင်းစစ် အဆုံးသတ်ရေးအတွက် ရည်ရွယ်သည့်  အာရူရှာ သဘောတူစာချုပ်ကို ၂၀၀၀ ပြည့်နှစ်က လက်မှတ်ဝင်ထိုးခဲ့ပြီး ယင်းသဘောတူစာချုပ်နှင့် အညီ ၂၀၀၃ ခုနှစ်က ရာထူးမှ နှုတ်ထွက်ခဲ့သည်။ ၁၉၉၃ ခုနှစ်နှင့် ၂၀၀၆ ခုနှစ်အကြားဖြစ်ပွားသည့် ဘူရွန်ဒီပြည်တွင်းစစ်တွင် လူ ၃၀၀၀၀၀ ခန့် အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ကိုးကား - အေအက်ဖ်ပီ
ဘာသာပြန် - ဂျေတီ