ဘူးသီးတောင် ၊ မိုင်းရယ်၊ တာချီလိတ်၊ နမ့်ခမ်း မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ 

နေပြည်တော်   ၁၇  ဖေဖော်ဝါရီ 


              
ဘူးသီးတောင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဖေဖော်ဝါရီ ၁၆ ရက် နံနက်ပိုင်းက ဘူးသီးတောင်မြို့၊ မြို့မရပ်ကွက်နေ မိုဟာမတ်ရှိုးဝိုက်၏ နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၃၀ဝ  နှင့် ငွေကျပ် ၄၀,ဝ၀ဝ  တို့ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ညနေ ၄ နာရီက မိုင်းရယ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းရယ်မြို့နယ်၊ မန့်စန့်ကျေးရွာအနီး၊ မိုင်းရယ်-သီပေါသွားလမ်းတွင် စိုင်းခမ်းခိုင် မောင်းနှင်ပြီး စိုင်းစံပွင့် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကိုရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၈၅၈ ဂရမ်နှင့် စိတ်ကြွရူးသွပ် ဆေးပြား ၁၂,ဝ၀ဝ တို့ကိုလည်းကောင်း၊ 

 

အလားတူ ထို့နေ့နံနက် ၉ နာရီခွဲက မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ မဲခေါင်မြစ်ဟိုတယ်ရှေ့၊ ဗိုလ်ချုပ်လမ်းတွင် သင်းအောင်(ခ)ကရင် မောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၂၀၅ ပြား၊ အိုက်စ် သုည ဒသမ ၅ ဂရမ်နှင့် လက်ကိုင်ဖုန်း ၁ လုံး တို့ကို သိမ်းဆည်းရမိခဲ့ပြီး ဆက်လက်၍ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ အပိုင်း(ခ)၊ အိမ်တွင်းမှုလမ်းနှင့် မယ်ခေါင်(၇)လမ်းရှိ သင်းအောင်၏နေအိမ်ကိုရှာဖွေရာ အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၁,၂၆၀ ၊ အိုက်စ် ၁၄၅ ဂရမ်ကိုလည်းကောင်း၊ 

 

အလားတူ တာချီလိတ်မြို့၊ ဆန်ဆိုင်း ရပ်ကွက်(ခ)၊ ဗိုလ်ချုပ်လမ်း၊ မောချယ်ရီတည်းခိုခန်း၊ တတိယထပ်၊ စင်္ကြန်လမ်းတွင် လော်ဘေနှင့် လော်ဘာတို့အား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀,ဝ၀ဝ  ၊ လက်ကိုင်ဖုန်း ၂ လုံးနှင့် မော်တော်ဆိုင်ကယ် ၁ စီး တို့ကိုလည်းကောင်း ၊

 

ထို့အတူ နံနက် ၈ နာရီက မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နမ့်ခမ်းမြို့နယ်၊နမ့်ခမ်းမြို့အဝင်မုဒ်ဦးအနီး၊ နမ့်ခမ်း-မူဆယ်သွားလမ်း၌ ကျန်းဖာကွမ်း မောင်းနှင်ပြီး မကျောင်ရွှေမိန် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၅,ဝ၀ဝ  သိမ်းဆည်းရမိခဲ့သဖြင့်  ၄င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

(ကိုရဲ)