ဘူးသီးတောင်မြို့၌ သဘာဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ၏ (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဘူးသီးတောင် မေ ၁၀

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ၏ (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန Command Post အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ဝင်းက မုန်တိုင်းအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ကမ်းနားကျေးရွာများအား ကြိုတင်ပြောင်းရွှေ့ ဆောင်ရွက်မှုများပြုလုပ်ခြင်း၊ ငါးဖမ်းဘုတ်၊ လှေများအား သတိပေးဆောင်ရွက်ခြင်းနှင့် မြို့နယ်ကော်မတီဝင်များအား ကူညီဆောင်ရွက်ပေးရမည့် လုပ်ငန်းကော်မတီ ၁၂ ခု ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များ ခွဲဝေချထားခြင်း၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှူးဦးစီးဌာနမှ ကြိုတင်ထုတ်ပြန်ထားသည့် မုန်တိုင်းနှင့် သဘာဝဘေးအန္တရာယ် သတင်းများကို ၇၂ နာရီအတွင်း ကြိုတင်ရယူ၍ ဆောင်ရွက်ရမည့် အချက်(၁၈)ချက်၊ ပြည်သူများ ကြိုတင်သိရှိအောင် ဆောင်ရွက်ရမည့် အချက်(၇) ချက်၊ မုန်တိုင်းဖြတ်သန်းချိန်တွင် ဆောင်ရွက်ရမည့် အချက်(၇)ချက်တို့အား တာဝန်အသီးသီးခွဲဝေကာ ချပြဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များမှ အရာရှိများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများက ကော်မတီအလိုက် ကြိုတင်ဆောင်ရွက်ထားရှိမှု လုပ်ငန်းများအား တင်ပြဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှကျော် (ပြန်/ဆက်)