ဘူးသီးတောင်မြို့နယ်၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်

ဘူးသီးတောင် မေ ၁၂

 

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၌ မုန်တိုင်းအန္တရာယ် အသိပေးနှိုးဆော်ခြင်းများကို မေ ၁၂ ရက် နံနက်၉နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ၊ လမ်းဆုံ၊ လမ်းခွများ၌ လှည့်လည်နှိုးဆော်ခဲ့ကြသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာနနှင့် မြို့နယ်ဘေးန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနတို့ ပူးပေါင်းပါဝင်သောအဖွဲ့က ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာပြီး မုန်တိုင်းအဖြစ်သို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် မုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ မြေပြိုခြင်းများ ဖြစ်လာနိုင်သည့်အတွက် မိဘပြည်သူများ၊ သက်ကြီးရွယ်အိုများနှင့်  နာမကျန်း ဖြစ်နေသူများအနေဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ကြပါရန်၊ အိမ်တိုင်းတွင် သောက်ရေပုံးများ အဆင်သင့် ဆောင်ထားကာ သောက်သုံးရေအဖြစ် အသုံးပြုနိုင်ပြီး မုန်တိုင်းဒီရေမြင့်တက်၍ အသက်အန္တရာယ်နှင့် ကြုံတွေ့လာပါက အသက်ကယ်ပစ္စည်းအဖြစ် အသုံးပြုသွားကြရန်၊ ကမ်းနီးကမ်းဝေး ရေယာဉ်များ အနေဖြင့်လည်း မုန်တိုင်းအန္တရာယ်အား ကြိုတင်သတိပြု ရှောင်ရှားနိုင်ကြပါရန် အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

 

လှကျော်(ပြန်/ဆက်)